လှည်းကူးမြို့ပေါ်ရပ်ကွက်များ ရေအနည်းငယ်ပြန်ကျနေသော်လည်း ကျေးရွာများတွင် ရေဆက်ကြီးနေပြီး၊ အကူအညီများ လိုအပ်နေ

Author ကိုထက်
Categories
Published on Oct 11, 2023

ပဲခူးရေကြီးမှုနောက်ဆက်တွဲဒဏ်ခံစား‌နေရသော လှည်ကူးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များ ရေအနည်းငယ်ပြန်ကျနေသော်လည်း ကျေးရွာများတွင် ရေဆက်ကြီးနေပြီး အကူအညီများလိုအပ်နေ‌ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ငမိုးရိပ်ရေလှောင်တမံမှ ရေဖောက်ချမှုကြောင့် အောက်တိုဘာလ ၉ ရက်နေ့မှစတင်ကာ လှည်ကူးမြို့နယ်တွင် ရေဘေးကြုံနေရခြင်းဖြစ်သည်။

“ခုမနက်တော့ ကျွန်တော်တို့လိုက်ကြည့်တာ မြို့ပေါ်ရပ်ကွက်တွေရေကျလာပြီ။ လမ်းမတွေပေါ်တော့ ရေမရှိသလောက်ဖြစ်နေပြီပေါ့။ လမ်းထဲ၊ ရပ်ကွက်တွေထဲတော့ ရေအနည်းငယ်ရှိသေးတယ်။ အနိမ့်ပိုင်းကျေးရွာဘက်တွေတော့ ရေကတက်နေတုန်းပဲ။ နေမရတဲ့သူတွေကိုတော့ ကယ်ဆယ်ရေးစခန်းတွေဆီပို့ထားတယ်။ အကူအညီတွေလည်း လိုအပ်ဆဲပါပဲ” ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

လှည်းကူးမြို့နယ်က ပြည်သူ ၂၀၀၀ ခန့် ရေဘေးသင့်နေပြီး လျှပ်စစ်မီး၊ ဖုန်းလိုင်းအချို့လည်း ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် တိုက်ကြီး၊ မှော်ဘီ စသည့်မြို့နယ်များတွင်လည်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး၊ ရေဘေးရှောင် ပြည်သူများအတွက် အစားအသောက်၊ ဆေးဝါးများလိုအပ်လျက်ရှိနေသည်။

ပဲခူးမြို့တွင် သမိုင်းတစ်လျှောက် နှစ် ၆၀ နီးပါးကာလအတွင်း အဆိုးရွားဆုံးရေကြီးမှုနှင့် ကြုံတွေ့ရခြင်းဖြစ်ပြီး ယနေ့တွင် လမ်းမကြီးများနှင့် အမြင့်ပိုင်းရပ်ကွက်များတွင် ရေပြန်ကျနေပြီဖြစ်ကြောင်း ပဲခူးဒေသခံများထံမှ သိရသည်။