လှည်းကူးတွင် တွေ့ရှိခဲ့သည့် ရိုဟင်ဂျာ အလောင်းများတွင် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများတွေ့ရပြီး စစ်ဖိနပ်ဒဏ်ရာများပါ တွေ့ရှိခဲ့ဟုဆို

Author CJ Platform သတင်းအဖွဲ့
Categories
Published on Dec 05, 2022

လှည်းကူးတွင် တွေ့ရှိခဲ့သည့် ရိုဟင်ဂျာ အမျိုးသား ၁၃ ဦး၏ အလောင်းများတွင် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများတွေ့ရပြီး စစ်ဖိနပ် ဒဏ်ရာများပါတွေ့ရှိခဲ့ရကြောင်းသိရသည်။

 

“ ကျောကုန်းမှာ အရိုက်ခံထားရတဲ့ ဒဏ်ရာတွေ၊ ခြေထောက်နဲ့ လက်မှာတော့ နူးဖတ်နေတယ် ရေခဲတွေစိမ်ထားတဲ့ဟာ ၊ တစ်ယောက်ဆိုရင် နှဖူးမှာ ချုပ်ထားတဲ့ဒဏ်ရာနဲ့ ခြေထောက်မှာ ချုပ်ထားတဲ့ ဒဏ်ရာတွေပါတယ်။ သတ်ပြီးတော့ ဒီနေရာမှာ လာစွန့်ပစ်ထားတာလို့ ဆေးရုံအထိ လိုက်မေးထားလို့ သိရတယ်” ဟု CJ Platform ၏ မြေပြင်သတင်းထောက်ကပေးပို့သည်။

 

အလောင်းများအား ရန်ကုန်ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးရာတွင်လဲ အောက်ဆီဂျင်ပြတ်ကာ သေဆုံးခြင်း မဟုတ်ဘဲ နှိပ်စက်သတ်ဖြတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

 

“ရန်ကုန်ဆေးရုံကြီးမှာ မျက်မြင်သက်သေတွေ မြင်ခဲ့ရတဲ့ အနေအထားဆိုရင် အောက်စီဂျင်ပြတ်ပြီး သေဆုံးတာမဟုတ်ဘူး။ သေချာ သပ်သပ်ရပ်ရပ် သတ်ဖြတ်ခံထားရတာ၊ နှဖူး၊ နှုတ်ခမ်း၊ မျက်နှာနဲ့ ကျောတွေမှာ ဒဏ်ရာတွေမြင်ရတယ်။ စစ်ဖိနပ်နဲ့ နင်းထားတဲ့ဒဏ်ရာတွေပါတွေ့ ရတယ်လို့ပြောတယ်” ဟု ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးသူ ရိုနေဆန်းလွင်က CJ Platform သို့ပြောသည်။

 

ရခိုင်ပြည်နယ်တွင် ဖိနှိပ် ခွဲခြား ဆက်ဆံခံရခြင်းနှင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲမှုကြောင့် မြို့ပြဒေသများသို့ ပြောင်းရွှေ့လာသည့် ရိုဟင်ဂျာများအနေဖြင့် မကြာခဏ ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရလေ့ရှိသည်။

 

“ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်သာ မရဘူးဆိုရင်၊ စစ်ကောင်စီဝါဒဖြန့်တဲ့အတိုင်း အောက်စီဂျင်ပြတ်ပြီး သေတယ်လို့ ယုံရတော့မှာ၊ အခုတော့ စစ်ကောင်စီက သတ်ဖြတ်ပြီး စွန့်ပစ်ထားတာလို့ ယုံတယ်” ဟု ရိုနေဆန်းလွင်ကပြောသည်။

 

ယခုကဲ့သို့ ရိုဟင်ဂျာများ သတ်ဖြတ်ခံရမှုသည် ဆယ်စုနှစ်ခန့်ရှိနေပြီဖြစ်ကာ၊ သတ်ဖြတ်သူများအနေဖြင့် အပြစ်ကင်းလွတ်နေသည့်အတွက် ပြည်တွင်း၊ ပြည်ပ အားလုံးမှ စစ်အုပ်စုကို အရေးယူနိုင်မှသာ ယခုကဲ့သို့ဖြစ်စဉ်များ ရပ်တန့်သွားမည်ဟု ယင်းကဆိုသည်။

 

“တောက်လျှောက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရခဲ့တာ အခုဆိုရင် တစ်နိုင်ငံလုံးမှာ ရိုဟင်ဂျာတွေကို သတ်ဖြတ်နေတာ ထောင်နဲ့ချီနေပြီ” ဟု ရိုနေဆန်းလွင်မှ ဆက်လက်ပြောကြားသည်။

 

ယနေ့ မနက် ၇ နာရီခန့်တွင် လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ၊ တပင်ရွှေထီးလမ်းဘေးတွင် စွန့်ပစ်ခံထားရသည့် ရိုဟင်ဂျာ ၁၃ ဦး၏ အလောင်းများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး အလောင်းများကို ရင်ခွဲစစ်ဆေးပြီးချိန် ကန့်ကွက်သည့် အဖွဲ့အစည်းများ မရှိပါက ဘာသာရေး ဓလေ့ထုံးစံများအရ ဒီဇင်ဘာ ၆ ရက်နေ့တွင် သင်္ဂြိုလ်ခွင့်များပေးသွားမည်ဟု စစ်ကောင်စီ၏ တာ၀န်ရှိသူများက ပြောကြားထားကြောင်း CJ Platform သတင်းထောက်က ပေးပို့ထားသည်။

 

ပြီးခဲ့သည့် လတွင်လည်း လှည်းကူးမြို့နယ်၊ အမြန်လမ်း၊ တာဆုံနှင့် ဇီရိုးမိုင်တွင် သုံးကြိမ်တိုင်တိုင် ရိုဟင်ဂျာ တစ်ရာနီးပါး ဖမ်းဆီးခံခဲ့ရသည်။