လှည်ကူးရှိ ကျေးရွာအချို့ ရေဆက်တက်၊ မြို့ပေါ်ရပ်ကွက်များ ယခုထိလျှပ်စစ်မီးပြတ်တောက်နေ

Author ကိုထက်
Categories
Published on Oct 12, 2023

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ဆည်မှရေဆက်လွှတ်နေခြင်းကြောင့် ကျေးရွာအချို့တွင် ရေပြန်မကျသေးဘဲ မြို့ပေါ်ရပ်ကွက်များတွင်လည်း ယနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရေဆက်ကြီးနေသည့် ကျေးရွာများတွင် စားနပ်ရိက္ခာအကူအညီလိုအပ်နေပြီး၊ လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် ရေအခက်အခဲကြုံနေရကြောင်း လူမှုကူညီကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောသည်။

“မြို့ပေါ်ရပ်ကွက်တွေမှာတော့ ရေကကျသွားပြီ။ ဒါပေမဲ့ မီးကအခုထိမလာသေးတော့ ရေတင်ဖို့အခက်အခဲတွေရှိနေတာပေါ့။ ကျွန်တော်တို့အသင်း အလှူရှင်တွေရဲ့လှူထားတာတွေထဲက မီးစက်အကူအညီပေါ့။ ရေတင်ရုံသက်သက်တော့ရတယ်။ အဲဒါလိုက်ကူညီနေတာရှိတယ်။ ကျေးရွာဘက်တွေတော့ ရေက ကျနေတဲ့နေရာတွေလည်း ကျနေပါပြီ။ အရမ်းချောင်ကျတဲ့ အနိမ့်ပိုင်းနေရာတွေကတော့ မကျသေးဘူး။ အဲဒီဘက်တွေလည်း စားနပ်ရိက္ခာအကူအညီကတော့ လိုတာပေါ့” ဟု ကရုဏာရှင်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ရေမကျသေးသည့် ကျေးရွာများတွင် ချက်ပြုတ်စားသောက်ရေး အခက်အခဲနှင့် သောက်သုံးရေလိုအပ်ချက်များလည်း ရှိနေကြောင်း သိရသည်။

ပဲခူးမြို့ရေကြီးခြင်း၏အကျိုးဆက်အနေဖြင့် အောက်တိုဘာလ ၉ ရက်နေ့ကတည်းက လှည်းကူးမြို့နယ်တွင် ရေဘေးကြုံလာရခြင်းဖြစ်ပြီး ယန့အထိ ရေမကျသည့်နေရာများရှိနေခြင်းဖြစ်ကြောင်း သိရသည်။

လတ်တလော လှည်းကူးမှ ပြည်သူ ၂၀၀၀ ခန့် ရေဘေးသင့်နေပြီး လျှပ်စစ်မီးပြတ်တောက်မှုများလည်း ကြုံတွေ့နေရဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။