လွိုင်ကော်မြို့ ပြည်နယ်ရဲစခန်းအား တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်

Author လဂွန်းအိမ်
Categories
Published on Dec 10, 2023

ကရင်နီပြည် လွိုင်ကော်မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ခိုက်နေသော KNDF နှင့် တော်လှန်ရေးတပ်ပေါင်းစုများမှ ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် လွိုင်ကော်ပြည်နယ်ရဲစခန်းအား တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူအင်အားစု ထုတ်ပြန်ချက်အရ သိရသည်။

ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုများမှ တိုက်ခိုက်သိမ်းပိုက်ခဲ့သော ပြည်နယ်ရဲစခန်းအား ယမန်နေ့ ဝိုင်းရံစိုးမိုးထားနိုင်ခဲ့ပြီး ယနေ့နံနက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီမှ တော်လှန်ရေးအင်အားစုများ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး (တောင်ဈေး) သို့ ရောက်ရှိနေပြီ အထင်ဖြင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဈေးတစ်ခုလုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ထို့အပြင် လွိုင်ကော်ရှိ အထင်ကရ တောင်ကွဲစေတီအားလည်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း Karenni Guys လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ရှိရသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲတွင် KNDF ဗျူဟာ ၅ ၏ ဗျူဟာမှူးကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူမှုကွန်ရက်တွင် Myanmar Cheers ဟုလည်း လှောင်ပြောင်ခဲ့သလို မုဆိုး – The Hunter ကမ်ပိန်း ပါဝင်ပေးကြရန်လည်း တောင်းဆိုထားသည်။

 

ဓာတ်ပုံ – ကရင်နီပြည်သူ့အင်အားစု