လွိုင်ကော်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ စတင်ပြတ်တောက်‌

Author ခေတ်နီ
Categories
Published on Nov 22, 2023

၁၁.၁၁ စစ်ဆင်ရေးဆင်နွှဲနေသော ကရင်နီ(ကယား)ပြည်လွိုင်‌ကော်မြို့တွင် ယနေ့ မနက်ပိုင်းမှစတင်ကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအားလုံးပြတ်တောက်နေကြောင်း ဒေသခံစစ်ဘေးရှောင်များက ဆိုသည်။

 

ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ MPT ဖုန်းလိုင်းများပြတ်တောက်ပြီးနောက် လွိုင်ကော်မြို့တွင် မည်သည့် ဖုန်းလိုင်းမျှမရ‌တော့ဘဲ ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်အသုံးပြုမှုများပါ လုပ်ဆောင်နိုင်ခြင်းမရှိတော့ပေ။

 

” ဖုန်းလိုင်းတွေအကုန်ပြတ်နေတာ။ အကိုလည်း အထဲကလူတွေကိုဆက်နေတာမရနေဘူး” ဟု လွိုင်ကော်မြို့မှ စစ်ဘေးတိမ်းရှောင်နေရသည့် မြို့ခံတစ်ဦးက ဆိုသည်။

 

စစ်ကောင်စီသည် ၎င်းတို့စစ်ရေးအရ အရေးနိမ့်ပါက လုပ်လေ့ရှိသည့်အတိုင်း အများပြည်သူများ သတင်းမှန်မရရှိရေးနှင့် ၎င်းတို့၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို ဖုံးကွယ်နိုင်ရန် အဆက်အသွယ်ဖြတ်တောက်မှုများ ကရင်နီဒေသတွင် ပြုလုပ်လာခြင်းဖြစ်သည်။ အလားတူ လုပ်ရပ်မျိုး ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့ကိုလည်းပြုလုပ်ထားပြီး ယခုအချိန်ထိ အဆက်အသွယ်ဖြတ်တောက်ထားဆဲဖြစ်သည်။

 

ကရင်နီပြည်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ ကရင်နီတပ်ပေါင်းစုများမှ Operation 11.11  အမည်ဖြင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်၏ တပ်စခန်း ၈ ခုထက်မနည်း သိမ်းပိုက်ထားနိုင်ပြီး လွိုင်ကော်တက္ကသိုလ်အတွင်းရှိ စစ်ကောင်စီတပ်သားများလက်နက်ချမှုများကြောင့် မြို့တွင်းနေရာအချို့ကို ကရင်နီတပ်ပေါင်းစုများဘက်မှ ထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်။

 

လက်ရှိတိုက်ပွဲများကြောင့် လွိုင်ကော်မြို့မှ လူဦးရေ လေးသောင်းဝန်းကျင်သည် စစ်ဘေးတိမ်းရှောင်နေရပြီး မြို့အတွင်းပိတ်မိသူများလည်းရှိနေကြောင်၊ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုအပြင် ၎င်းတို့၏ သတ်ဖြတ်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၆၀ ဝန်းကျင်အထိ သေဆုံးခဲ့ပြီးဖြစ်သည်ဟု ကရင်နီလူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

Related News

Depend on news