လွိုင်ကော်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ပြီးအရပ်သား ၃ ဦးဒဏ်ရာရ

Author လင်းခိုင်
Categories
Published on Oct 26, 2022

ကရင်နီပြည် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

လွိုင်ကော်မြို့ ဝါရီကောခူရွာအတွင်းသို့ ယနေ့မနက် အစောပိုင်း ၄ နာရီခန့်မှာ စစ်ကောင်စီတပ်မှ ပစ်ခတ် သည့် လက်နက်ကြီးထိမှန်ပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။

ဒဏ်ရာရရှိခဲ့သူများသည် ဒေါ်မူဟိုက် အသက်၄၅နှစ်၊ဦးတို အသက်၄၆နှစ် ၊ကိုကမီးယိုပု အသက်၂၅နှစ်တို့ဖြစ်ပြီး ဦးခေါင်း ဝမ်းဗိုက်၊လက်မောင်းနှင့် ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသူများကို လွိုင်ကော်ဆေးရုံသို့ ပို့ဆော င် ကာ ဆေးကုသမှုပေးနေကြောင်းနှင့် ဦးခေါင်းထိမှန်ဒဏ်ရာရရှိခဲ့သည့် ကိုကမီးယိုပုသည် စိုးရိမ်ရသည့် အ နေအထားတွင် ရှိနေကြောင်း သိရသည်။

“မနက်၃ နာရီတည်းက ၁၅ မိနစ်ခြားတစ်ခါပစ်နေတာ ကျန်တဲ့အလုံးတွေက အပြင်ကျတာပေါ့ တစ်လုံးက ရွာထဲကျတယ် ခေါင်းထိတဲ့တယောက်ကစိုးရိမ်ရတယ်”ဟု ရွှေလွိုင်ကော်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယခု အောက်တိုဘာလ ၂၄ မှ ၂၆ရက်နေ့အထိ အ ရပ်သား ၂ ဦးသေဆုံးခဲ့ကာ ကလေးငယ် ၂ဦးအပါအဝင် လူ ၅ ဦးလက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ပြီးဖြစ်သည်။