လွိုင်ကော်တစ်မြို့လုံးအား ရာနှုန်းပြည့်ထိန်းချုပ်နိုင်ရန် စခန်းကုန်း နှစ်ခုသာ သိမ်းပိုက်ရန်ကျန်ရှိဟုဆို

Author လင်းနွေဦး၊ YZ
Categories
Published on Feb 06, 2024

ကရင်နီ (ကယား)ပြည်၊ လွိုင်ကော် တစ်မြို့လုံးအား သိမ်းပိုက်နိုင်ရန် စစ်ကောင်စီ စခန်းကုန်းနှစ်ခုသာ ကျန်ရှိပြီး အဆိုပါ စခန်းကုန်းနှစ်ခုအား သိမ်းယူပြီးပါက လွိုင်ကော်မြို့အား ရာနှုန်းပြည့် ထိန်းချုပ်နိုင်ပြီဟု သတ်မှတ်နိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ အမာခံထောက်ပို့များအနက် တစ်ဦးအပါအဝင်ဖြစ်ပြီး ထောက်ပံ့ကူညီရေးများအတွက် မြေပြင်ကွင်းဆင်းစဉ်  KNDF ဒုစစ်ဦးစီးချုပ် မာဝီနှင့် တွေ့ဆုံခဲ့သူ ကိုနေရိုင်းမှ CJ Platform သို့ ပြောကြားသည်။

 

လက်ရှိတွင် လွိုင်ကော်မြို့တွင်း၌ စစ်ကောင်စီတပ် အထိုင်ချခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ မရှိတော့သော်လည်း လွိုင်ကော်မြို့အနီးရှိ ကမ္ဘာလုံး စစ်ကောင်စီ တပ်စခန်း နှင့် ခြေလျင်တပ်ရင်း ခလရ ၁၀၂ တပ်စခန်းတို့မှ ပြည်သူများနေထိုင်ရာ မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်များသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်း များအသုံးပြုကာ တိုက်ခိုက်ခြင်းတို့ ပြုလုပ်လျက်ရှိကြောင်းကိုလည်း ကိုနေရိုင်း ၏ ပြောကြားမှု အပြင် မြေပြင် သတင်းရင်းမြစ်များ၏ ပြောကြားချက်များအရ သိရသည်။

 

“အမှန်ပြောရရင် လွိုင်ကော်မြို့ထဲ စစ်တပ်ဆိုတာ အရိပ်အယောင်တောင် မရှိတော့ဘူး။ ကမ္ဘာလုံး ကုန်းပေါ်မှာနဲ့ ၁၀၂ ကုန်းပေါ်မှာပဲ။ ဒါလည်း ဒီကောင်တွေ အပြင် မထွက်ရဲဘူး။ အထဲကနေပဲ လက်နက်ကြီး ပစ်လိုက်၊ ဒရုန်းမှာ မီးလောင်ဗုံးတွေ၊ လက်လုပ် မိုလိုတော့ဗ်လိုပုလင်းတွေ ချည်ပြီး ပစ်ချလိုက်နဲ့ လုပ်နေတော့တာ” ဟု လက်ရှိ လွိုင်ကော်မြို့ မြေပြင်အခြေအနေအား ကိုနေရိုင်းမှ CJ Platform သို့ပြောသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ ၁၁.၁၁ စစ်ဆင်ရေးအမည်ဖြင့် ကယား(ကရင်နီ)ပြည်၊ မြို့တော် လွိုင်ကော် အား ကရင်နီတော်လှန်ရေးအင်အားစုများမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်နေ့၌ လွိုင်ကော် တက္ကသိုလ်တွင် တပ်စွဲထားသည့် တပ်ရင်းနှစ်ခုမှ စစ်ကောင်စီ တပ်သား ၃၈ ဦး သည် လက်နက်ကြီး ၊လက်နက်ငယ် အမျိုးအစား ၁၀၀ နီးပါးဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့သဖြင့် လွိုင်ကော် တက္ကသိုလ်အား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း KNDF မှ ဓာတ်ပုံများဖြင့်တကွ ထုတ်ပြန်ခဲ့သည်။

 

ထိုအချိန်မှ စတင်ကာ လွိုင်ကော်မြို့တော် နယ်မြေ ထက်ဝက်ကျော်အား စိုးမိုးနိုင်ပြီဖြစ်ပြီး စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရား မှာ လုံးဝပြိုလဲသွားပြီ ဖြစ်ကြောင်း လွတ်လပ်ပြီး စိတ်ချယုံကြည်ရသည့် သတင်းဌာနများသို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီမှ ဖြေကြားခဲ့ဖူးသည်။

 

နယ်မြေစိုးမိုးနိုင်ရေး အတွက် စစ်ရေးလှုပ်ရှားမှုများအား စနစ်တကျ ပြင်ဆင်နိုင်ခဲ့သည့်အပြင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ လွိုင်ကော်မြို့တော်၏ ရာနှုန်းပြည့်နီးပါး အထိ စိုးမိုးနိုင်သည့် အနေအထား ရောက်လာခြင်းဖြစ်ကာ ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်သည်ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီနှင့်တွေ့ဆုံခဲ့စဉ်က ပြောကြားခဲ့ကြောင်း ကိုနေရိုင်းမှ ဆိုသည်။

 

“စစ်ကောင်စီက လွိုင်ကော်ကို ပြန်သိမ်းယူဖို့လည်း မလွယ်တော့ဘူး။ အုပ်ချုပ်ရေးနဲ့ အဘက်ဘက်က အားလုံးပြည့်စုံပြီ။ စနစ်တကျကို လုပ်ထားတာ ။ ဘာလို့ အကုန် မလုပ်သေးတာလဲဆိုတော့ ပြည်သူတွေ ထိမှာစိုးလို့”ဟု ကိုနေရိုင်းမှ CJ Platform သို့ ပြောသည်။

 

လွိုင်ကော်မြို့တွင်းတွင် စစ်ကောင်စီတပ်များ အရိပ်အယောင်ပင် မမြင်ရကြောင်းနှင့် KNDF နှင့် ပူးပေါင်းတော်လှန်ရေးအင်အားစုများမှ နယ်မြေလုံခြုံရေးအတွက် စိတ်ချရစေရန် ကင်းလှည့်ခြင်း၊ နယ်မြေပိုင်းခြားကာ နေ့ညမပြတ် သတိဝီရိယ ထားရှိ၍ စစ်ကောင်စီတပ်စခန်းများ သွားလာလှုပ်ရှားမှုများအား မျက်ခြေမပြတ် စောင့်ကြည့်လေ့လာခြင်းများ ပြုလုပ်နေကြကြောင်း CJ Platform ၏ မြေပြင် သတင်းရင်းမြစ်ထံမှ သိရသည်။

 

ယခုအခါ လွိုင်ကော်မြို့အား ရာနှုန်းပြည့် သိမ်းပိုက်စိုးမိုးနိုင်ရေး ကရင်နီတော်လှန်ရေးအင်အားစုများမှ ကြိုးပမ်းလျက်ရှိပြီး ကျန်ရှိနေသော စစ်ကောင်စီ၏ ကမ္ဘာလုံး တပ်စခန်း နှင့် ခလရ ၁၀၂ စစ်စခန်း တို့မှ လက်နက်ကြီးပစ်ခြင်း၊ ဒရုန်း အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ပြည်သူများ ထိခိုက်မှု ကင်းဝေးစေရန် လုံခြုံစိတ်ချရသည့် စစ်ရှောင် ဒေသများသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း ကိုနေရှိုင်း၏ ပြောပြချက် နှင့်အတူ မြေပြင် သတင်းရင်းမြစ်များနှင့် တိုက်ဆိုင်စစ်ဆေးကာ CJ Platform မှ စုံစမ်းသိရှိရသည်။