လွတ်လပ်ရေးနေ့ ဂုဏ်ပြုအလံများ ချိတ်ဆွဲရန် စစ်ကောင်စီက လုပ်ငန်းရှင်များထံမှ ပိုက်ဆံတောင်း

Author ကိုပေါက်
Categories
Published on Dec 16, 2022

ရန်ကုန်မြို့အတွင်း ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အတွက် ဂုဏ်ပြုအလံများ ချိတ်ဆွဲရန် ရန်ကုန်တိုင်းရှိ မြို့နယ်အသီးသီးမှ လုပ်ငန်းရှင်များထံမှ စစ်ကောင်စီက ငွေကြေးကောက်ခံမှုများလုပ်ဆောင်နေသည်ဟု လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

လမ်းမတော်၊ ကျောက်တံတား၊ လသာ ၊ဗဟန်း အစရှိသည့်မြိုနယ်များတွင် လုပ်ငန်းရှင်တစ်ဦးကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ သုံးသောင်းမှ တစ်သိန်းကျပ်အထိကောက်ခံသည်ဟု လသာမြို့နယ်တွင် နေထိုင်သူတစ်ဦးက CJ Platform ကိုပြောသည်။

“လုပ်ငန်းအလိုက် သုံးသောင်း ပေးရတဲ့သူလည်းရှိတယ် ငါးသိန်း ပေးရတဲ့သူလည်းရှိတယ် လုပ်ငန်းကြီးရင် တစ်သိန်းပေးရတယ် ဖြတ်ပိုင်းတွေ ဘာတွေမရှိဘူး ဒီအတိုင်း အလှူခံတဲ့သဘော”ဟု ပြောသည်။

မရမ်းကုန်း ၊ရန်ကင်း ၊ဗိုလ်တစ်ထောင်မြို့နယ်တွင် လွတ်လပ်ရေးနေ့ ရန်ပုံငွေအတွက်ဟုဆိုကာ လုပ်ငန်းအမျိုးအစားအလိုက် ငွေကြေးထည့်ရသည်ဟု မရမ်းကုန်းမြို့နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“ရဲတွေ ကောက်တာရှိသလို ရပ်ကွက်ကနေတစ်ဆင့် မြို့နယ်ကို ပေးရတာလည်း ရှိတယ် သူတို့က စစ်တပ်နဲ့ လာကောက်တော့ မထည့်လို့မရဘူး မြို့နယ်ချင်း ကောက်တာမတူဘူး”ဟု ရှင်းပြသည်။

ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန် ပြည်လမ်းမကြီးတစ်လျှောက် လုပ်ငန်းရှင်များထံမှ ကောက်ခံထားသည့် ငွေများဖြင့် ၂၀၀၈ နိုင်ငံတော်အလံနှင့် တိုင်းဒေသကြီး၊ပြည်နယ် ကိုယ်စားပြုအလံများကို ပေါင်းယှက်၍ စတင် ချိတ်ဆွဲ လွှင့်ထူထားသည်ကို တွေ့ရသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် မြို့နယ် ၄၅ မြို့နယ်ရှိရာ လုပ်ငန်းရှင်တွေဆီမှ စစ်ကောင်စီက ကောက်ခံရရှိငွေသိန်းထောင်ချီ၍ ရရှိနိူင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရသည်။
#CjPlatform #လွတ်လပ်ရေးနေ့ #ပိုက်ဆံကောက်