လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီ ကာကင်းစခန်း (၈)ခုအား KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ ရှင်းလင်း၊ စစ်ကောင်စီ တပ်သား (၂၀)ခန့် သေဆုံးဟုဆို

Author လင်းနွေဦး
Categories
Published on Jan 04, 2024

ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့အနီးရှိ စစ်ကောင်စီ ကာကင်း စခန်း ၈ ခုအား KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ယနေ့နံနက်တွင် ဝင်ရောက်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြား သေဆုံးခဲ့သည်ဟု KNU မှ ထုတ်ပြန်သည်။

 

ကညွှတ်ကွင်း မြို့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း နှင့် ရထားလမ်း အနီး စစ်ကောင်စီ၏ စခန်းအနီးရှိ လုံခြုံရေးတာဝန် ယူထားသော ကာကင်းစခန်း (၈)ခုနှင့် ရိက္ခာ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် တံတားအား မနက် (၄)နာရီခွဲ ခန့်မှ စတင်ကာ တိုက်ခိုက်ခဲ့ပြီး တစ်နာရီ ကြာ အတွင်း အပြီးရှင်းလင်းနိုင်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

တိုက်ပွဲ ကြာချိန် ၁ နာရီအတွင်း ကာကင်းစခန်း (၈) ခုအဖြစ် (၁)သံလမ်းတံတားကင်း၊ (၂)စာသင်ကျောင်း ကင်း၊ (၃)ဘုန်းကြီးကျောင်းကင်း၊ (၄)နတ်စင်ကင်း၊ (၅)အုတ်ဖိုကင်း၊ (၆)လင်းယောခင်ရွာကင်း၊ (၇)အောင်မင်္ဂလာ ဘုန်းကြီးကျောင်းကင်း နှင့် (၈)ကညွတ်ကွင်းနှင့် တောကျွဲအင်းကြားရှိ တံတားကင်းစခန်းနှင့် တံတား တို့အား တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီ ဘက်မှ တပ်သားများ သေဆုံးမှုရှိသည် ဟု KNU မှ ဆိုသည်။

 

စစ်ဆင်ရေး အတွင်း ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်အတူ ပါဝင်တိုက်ခိုက်သည့် တော်ဝင်ဒေါင်းစစ်ကြောင်း မှလည်း “ရန်ကုန်-မန္တလေး လမ်းဟောင်း ကညွတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကင်းစခန်းငါးခုကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တော်ဝင်ဒေါင်းစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ရန်သူကင်းစခန်းမှ စစ်ကောင်စီတပ်သားအများအပြား ကိုယ်လွတ်ရုံး ထွက်ပြေးကာ ရန်သူ ၂၀ ဦးခန့် သေဆုံးခဲ့ပါသည်။””ဟု ၎င်းတို့၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ၊ နှစ်ဘက်ထိခိုက်မှုများနှင့်ပတ်သတ်၍ တော်ဝင်ဒေါင်း စစ်ကြောင်းသို့  အတည်ပြုမေးမြန်းနိုင်ရန် CJ Platform မှ ကြိုးပမ်းလျက်ရှိပြီး မြေပြင်လိုင်းအခြေအနေ ခက်ခဲမှုများကြောင့် ကြန့်ကြာမှုများ ရှိနေသည်။

KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ များမှ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မူး မြို့နယ် အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ နတ်သံကွင်းမြို့အား ထပ်မံ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နယ်မြေထိန်းချုပ်ရေးအတွက် ယခုကဲ့သို့ ထပ်မံထိုးစစ်ဆင် မှုများ ပြုလုပ်နေခြင်းလည်းဖြစ်သည်။