လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် တိုက်ပွဲ

Author CJ Platform
Categories
Published on May 03, 2023

နှစ်စဉ် မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ထားသည်။ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့သည် ယခုနှစ်နှင့်ဆိုလျှင် ၃၀ ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို UNESCO (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့) က ဦးစီးဆောင်ရွက်လေ့ရှိပြီး ယခုနှစ်အတွက် အဓိက အကြောင်းအရာသည် “အနာဂတ်အခွင့်အရေးများကို ပုံဖော်ခြင်းဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အခြားသော လူ့အခွင့်အရေးအားလုံးအတွက် မောင်းနှင်အားဖြစ်သည်”ဟု ဆိုသည်။

ကမ္ဘာ့စာနယ်ဇင်း လွပ်လပ်ခွင့်နေ့သည် ၃၀ ကြမ်မြောက်သို့ ရောက်ရှိလာသော်လည်း ယင်းနေ့ကို မြန်မာနိုင်ငံ၏ စာနယ်ဇင်း မလွတ်လပ်မှုများဖြင့် ကြိုဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သတင်းလွတ်လပ်ခွင့်များ လုံးဝ ဆုံးရှုံးသွားခဲ့ရသည်။
အာဏာရှင်တို့၏ ထုံးစံအတိုင်းပင် ၎င်းတို့၏ မတရားမှုလုပ်ရပ်များကို ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့်သိရှိသွားမည်ကို အထူးစိုးရိမ်ကြသည်။ ထို့အတွက်ကြောင့် အာဏာသိမ်းအပြီး မြန်မာနိုင်ငံရှိ မီဒီယာအများအပြားကို လိုင်စင်ပိတ်သိမ်းခြင်း၊ မီဒီယာသမားများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းနှင့် အစုလိုက်အပြုံလိုက် နိုင်ငံအတွင်းမှ ထွက်ခွာသွားရအောင် ဖိအားပေးခြင်းများဖြင့် ဖိနှိပ်ခဲ့သည်။

မြန်မာနိုင်ငံနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၅၀ ကျော်ဖမ်းဆီးထောင်ချခံရပြီး လေးဦးသတ်ဖြတ်ခံခဲ့ရသည်။

ပြီးခဲ့သည့်နှစ်ကုန်က သတင်းသမားများကာကွယ်ရေးအဖွဲ့ (Committee to Protect Journalists) ၏ နောက်ဆုံးထုတ်ပြန်ထားသည့် စာရင်းအရ မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် သတင်းသမား စုစုပေါင်း ၄၂ ဦးရှိသည်ဟုဆိုသည်။

အဆိုပါအရေအတွက်သည် ကမ္ဘာပေါ်တွင် တတိယအများဆုံး သတင်းသမားများကို ဖမ်းဆီး ထောင်ချသည့် နိုင်ငံအဖြစ် မှတ်တမ်းဝင်ထားခြင်းလည်း ဖြစ်သည်။

ထိုသို့ သတင်းသမားများကို ဖမ်းဆီးထောင်ချမှုများထဲတွင် အာဏာသိမ်းစစ်တပ်၏ တစ်ဖက်သက်စွပ်စွဲချက် ပုဒ်မများလည်း ပါရှိနေသည်။ လက်ရှိ မြန်မာနိုင်ငံအတွင်းဖြစ်ပျက်နေသည့် သတင်းလွတ်လပ်ခွင့်သည် ယနေ့ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့၏ အာဘော်ကို မိနိုင်ဖို့အတွက် အဝေးဆုံးတွင်ရှိနေသည်။

ကမ္ဘာက လူ့အခွင့်အရေးအားလုံးကို ကာကွယ်ရန်နှင့် မြှင့်တင်ရာတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် အသိအမှတ်ပြုထားသော်လည်း မြန်မာ့ မီဒီယာများအတွက်တော့ လက်ရှိအခြေအနေက အကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင် ပြဌာန်းထားသော အခြေခံအခွင့်အရေးဖြစ်သည်။ ၎င်းတွင် နယ်နိမိတ်မခွဲခြားဘဲ မီဒီယာများအနေဖြင့် သတင်းနှင့် အကြံဉာဏ်များကို ရှာဖွေရန်၊ လက်ခံရန်နှင့် ဖြန့်ဝေပိုင်ခွင့်များ ပါဝင်သည်။

ဤအခွင့်အရေးသည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ဖြင့် အာဏာရှိသူများကို တာဝန်ခံနိုင်စေသောကြောင့် ဖြစ်သည်။

မြန်မာပြည်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် တိုက်ပွဲကို မီဒီယာသမားများအပြင် ပြည်သူလူထုကလည်း တပေါင်းတည်း ဆင်နွှဲနေကြရသည်။ မတရားမှုများကို နည်းမျိုးစုံဖြင့် နေရာဒေသမျိုးစုံမှ တော်လှန်နေကြခြင်းလည်းဖြစ်သည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ခြိမ်းခြောက်ခံရခြင်း သို့မဟုတ် ဖိနှိပ်ခံရသည့်အခါ အခြားသောလူ့အခွင့်အရေးများအတွက်ပါ အန္တရာယ်ရှိလာသည်။ သတင်းလွတ်လပ်ခွင့် မရှိလျှင် သတင်းရယူပိုင်ခွင့်ကို ဆုံးရှုံးစေပြီး အမျိုးမျိုးသော အစိုးရများသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ကင်းမဲ့သွားနိုင်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၏ အခြေခံအုတ်မြစ်အတွက် သတင်းလွတ်လပ်ခွင့်ကို ဆက်လက် ကာကွယ်မြှင့်တင်ရန် အရေးကြီးပါသည်။ ထို့အတွက် လက်ရှိ အာဏာသိမ်းကာလ အခက်အခဲများအကြားတွင်ပင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် တိုက်ပွဲဆင်နွှဲနေကြသည့် သတင်းမီဒီယာသမားများနှင့် ပြည်သူလူထုအား အလေးအနက်ဂုဏ်ယူမိပါသည်ဟု CJ Platform က အသိပေးတင်ပြခြင်းဖြစ်ပါသည်။