လွတ်ရက် ကျော်လွန်နေသည့် လွိုင်ကော်အကျဉ်းထောင်မှ နိုင်/ကျဉ်း (၁၂) အပါအဝင် အကျဉ်းသား စုစုပေါင်း (၆၅)ဦးကို မတတ်သာ၍ စစ်ကောင်စီပြန်လွှတ်

Author လင်းနွေဦး
Categories
Published on Feb 08, 2024

လွတ်ရက်ကျော်လွန်နေသည့် လွိုင်ကော် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ (၁၂) ဦး အပါအဝင် စုစုပေါင်း အကျဉ်းသား (၆၅)ဦးကို စစ်ကောင်စီမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅)ရက် နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၏ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးမှ CJ Platform သို့ ပြောသည်။

 

နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားအများစုမှာ လွတ်ရက် စေ့သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ထောင်တွင်း၌ ဆက်လက်ထိန်းသိမ်းထားမှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ တွင် PONM မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် ၂ ရက်အကြာ ယခုကဲ့သို့ စုစုပေါင်း အကျဉ်းသား ၆၅ ဦးအထိ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

 

လွတ်မြောက်လာသည့် အကျဉ်းသားများမှာ လွတ်ရက်စေ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း စစ်ကောင်စီမှ အကြောင်းအမျိုးမျိုးပြကာ ထောင်တွင်း၌ ဆက်လက်ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်ဟု ကိုသိုက်ထွန်းဦးနှင့် နိုင်ကျဉ်းအသိုင်းအဝိုင်း၏ ပြောကြားချက်များအရ သိရသည်။

 

“ဒီ နိုင်ကျဉ်း ၁၂ ဦး အပါ အဝင် ၆၅ ဦးလုံးက လွတ်ရက်စေ့တာ တစ်လတိတိရှိပြီ ပြန်မလွတ်လာသေးဘူး။ အဲ့အပေါ်မှာ သူတို့ အကြောင်းပြချက်ပေးတာက မတရားထိန်းသိမ်းထားတာ မဟုတ်ပါဘူးပေါ့။ သွားလာရေး ပို့ဆောင်ဖို့ ယာဉ်မရှိလို့ ထောင်တွင်းမှာပဲ လွတ်လွတ်လပ်လပ် သွားလာခိုင်းထားပါတယ်ပေါ့။ အဲ့ဒါနဲ့ပဲ သူတို့မှာ တစ်လလောက် ထပ်ပြီး အထဲမှာ နေလိုက်ရတယ်”ဟု ကိုသိုက်ထွန်းဦး မှ CJ Platform သို့ ပြောသည်။

 

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များ၌လည်း PPNM ၏ ထုတ်ပြန်မှုအပေါ် မမှန်ကန်ကြောင်း ရေးသားပြောဆိုမှုများ ပြုလုပ်ခဲ့သကဲ့သို့ ၊ စစ်ကောင်စီမှလည်း မဟုတ်မှန်ကြောင်း စာထုတ်ပြန်ခဲ့ရာတွင် လွတ်ရက်စေ့အကျဉ်းသားများ ထောင်တွင်း၌ အမှန်တကယ် ရှိနေသေးကြောင်း ထောက်ပြသကဲ့သို့ ဖြစ်ခဲ့ရာမှ မတတ်သာသည့်အဆုံး ယခုကဲ့သို့ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ကိုသိုက်ထွန်းဦးနှင့် နိုင်ကျဉ်းအသိုင်းအဝိုင်းထံမှ သိရသည်။

 

လွတ်မြောက်ခြင်းမရှိသေးသည့် လွိုင်ကော်အကျဉ်းထောင်တွင်း၌ ကျန်ရှိသော အကျဉ်းသားများမှာလည်း ဆန်ကြမ်းနှင့် ငါးပိသာ နေ့စဉ်ရက်ဆက် စားသောက်နေရသကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ပါးသည့် ကြား၌ပင် နှစ်လနီးပါးအထိ အကျဉ်းသားများအား အခန်းပိတ် ထားရှိမှုကြောင့် ခြေလက်များ ချိနဲ့သည် အထိ ဝေဒနာများခံစားနေရကြောင်းကိုလည်း PPNM ၏ ထုတ်ပြန်ချက် အရ သိရသည်။

 

စစ်ကောင်စီ လက်အောက်ရှိ အကျဉ်းထောင်များတွင် အစားအသောက် နှင့် သောက်သုံးရေ မသန့်ရှင်းမှု၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ပါးခြင်းတို့ကြောင့် ယခုနှစ် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ ၂ လ အတွင်း အသက်ဆုံးရှုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား/ အကျဉ်းသူ စုစုပေါင်း ၅ ဦးထိ ရှိသည်ဟု PPNM မှ ကောက်ယူထားသော စာရင်းအချက်အလက်များအရ သိရသည်။