လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ဆိုကာ ရဲမှူးချုပ် အောင်ဌေးမြင့် ဖမ်းဆီးခံထားရ၊ ရဲမှူးကြီး နှစ်ဦးပျောက်ဆုံးနေ

Author လင်းခိုင်
Categories
Published on Jan 18, 2023

 

လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့်ဆိုကာ ရဲမှူးချုပ် အောင်ဌေးမြင့် ဖမ်းဆီးခံထားရကာ ရဲမှူးကြီးနှစ်ဦး ပျောက်ဆုံးနေကြောင်း ရဲသတင်းအရင်းမြစ် တစ်ဦးက CJ Platform သို့ပြောကြားသည်။

“ ခေတ်သစ်သတင်းဌာနမှာ လျှို့ဝှက် အစည်းအဝေး စာတွေ ဖော်ပြတာ၊ အတွင်းရာထူးကြီးပိုင်းကနေ ပေးပို့လို့ဆိုပြီးတော့ အောင်ဌေးမြင့်ကို ဖမ်းလိုက်တာ၊ နောက်ပြီးတော့ ရဲမှူးကြီးနှစ်ဦးလည်း ပျောက်နေတယ်။ ဘာသတင်းအစအနမှ မရဘူး” ဟု ရဲသတင်းအရင်းအမြစ် တစ်ဦးကပြောကြားသည်။

ထို့ပြင် စစ်ကောင်စီ ဒုခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုး၀င်းသည် ဇန်နဝါရီ ၁၇ ရက်တွင် အောင်မင်္ဂလာ၀င်းအရှေ့ရှိ စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့၀င်းသို့ လာရောက်ပြီး လျှို့ဝှက်စာပေါက်ကြားခဲ့မှုနှင့် ပတ်သက်ကာ စရဖ အကြီးပိုင်းအရာရှိများကို ငေါက်ငမ်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

“မနေ့က သီးသန့်ကို ခေါ်ပြီးဆူတာ၊ စရဖက အကြီးပိုင်းတွေ အကုန်ပါတယ်။ အရေးကြီးတဲ့ လျှို့ဝှက်စာကို ပေါက်ကြားရမလားဆိုပြီး ဒေါသူပုန်တွေထနေတာ၊ သူတော်တော်ကြီးကို ဒေါသထွက်နေတယ်”ဟု ရဲသတင်အရင်းမြစ်က ဆက်လက် ပြောကြားသည်။

ဖမ်းဆီးခံရသည့် ရဲမှူးချုပ် အောင်ဌေးမြင့်သည် နိုင်ငံဖြတ်ကျော်မှုခင်းဌာန တာ၀န်ယူထားရသူဖြစ်ပြီး၊ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရဲမှူးချုပ်အဖြစ် ရာထူးတိုးလာခဲ့သူတစ်ဦးဖြစ်သည်။

ဒီဇင်ဘာ ၂၃ ရက်တွင် စစ်ကောင်စီ၏ ပြည်ထဲရေး၀န်ကြီး စိုးထွန်ဦးဆောင်ကာ ၊ ဒု၀န်ကြီးများ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ နိုင်ငံခြားရေး၀န်ကြီးဌာန၊ ဗဟိုဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအ၀င် ဌာနဆိုင်ရာမှ ထိပ်တန်းအရာရှိ ၅၅ ဦး၏ လျှို့ဝှက်အစည်းအဝေးမှတ်တမ်းကို ခေတ်သစ်သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။

အဆိုပါ အစည်းအဝေးမှတ်တမ်းတွင် NUG, CRPH နှင့် PDF များကို ချေမှုန်းရေး၊ ပြည်သူအချင်းချင်း ရန်တိုက်ပေးရန် စီမံချက်များ၊ ငွေကြေးစီးဆင်းမှု ထိန်းချုပ်ရေး၊ CDM များ ပြည်ပထွက်ခွင့်ပိတ်ပင်ထားပြီး စောင့်ကြည့်ရန် စီမံချက်များ၊ ချိတ်ပိတ်ထားသည့် အိမ်များကို စစ်တပ်ပိုင် သိမ်းယူရန် ကိစ္စများကို ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ရဲမှူးချုပ် #အောင်ဌေးမြင့် #လျှို့ဝှက်ချက်ပေါက်ကြား #ဖမ်းဆီးခံရ