လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဒုက္ခများစွာ ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ တီးတိုးသံ

Author သတင်းအဖွဲ့
Categories
Published on Oct 28, 2023

တိုင်းပြည်ကြီး ကြပ်တည်းနေသလို ပြည်သူတွေမှာလည်း ဒုက္ခအတိနဲ့ပါပဲ။ ဒီလို ဒုက္ခတွေ့နေသူတွေရဲ့ အသံတွေကို CJ Platform သတင်းဌာနကနေ တစ်ပတ်တစ်ခါ ဖော်ထုတ်ပေးနေတာ အခုဆိုရင် လနဲ့ချီကြာမြင့်လာခဲ့ပါပြီ။ ဒီတစ်ပတ်ရဲ့ တီးတိုးသံကဏ္ဍအတွက် လျှပ်စစ်မီးပြတ်တောက်မှုကို ခံစားနေရတဲ့ပြည်သူတွေရဲ့ အသံကို ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်။

 

သတင်းအဖွဲ့

****************************************

” မီးသာအချိန်မှန်မရတာ မီတာခက တစ်လထက်တစ်လများလာတယ်။”

 

ရန်ကုန်မြို့၊ တာမွေမြို့နယ်က အိမ်ရှင်မတစ်ဦး

 

မီးကအချိန်နဲ့ပေးတယ်သာ ပြောတာပါ။ ဥပမာ ၉ နာရီလာမယ်ဆို ၉ နာရီတော့လာတယ်။ နာရီဝက်လောက်နေရင် ပြတ်ရော။ ညနေ ၅ နာရီမှ လာတယ်။ EPC ရုံးကို ဖုန်းဆက်ရင်လည်း ဝန်အားလျှော့တဲ့ထဲပါသွားလို့၊ လိုင်းအပြစ်ဖြစ်လို့ မီးကတစ်ခါတလေဆို တစ်နေကုန်မှ ၂ နာရီ၊ ၃ နာရီလောက်ပဲရတယ်။ ချက်ချိန်ပြုတ်ချိန်ဆိုပြတ်၊ ဒီကြားထဲ ဂက်စ်ဈေး၊ မီးသွေးဈေးတွေလည်းတက်။ ကုန်ဈေးနှုန်းကလည်းမကျ။ အိမ်စရိတ်က တစ်လတစ်လ မသက်သာဘူး။ နောက်လည်း မီးသာအချိန်မှန်မရတာ မီတာခက တစ်လထက်တစ်လများလာတယ်။ ဒုက္ခရောက်တာ မီတာခက တစ်လထက်တစ်လများလာတယ်။ ဆုံးရှုံးမှုကတော့ မီးမလာတော့ ချက်ပြုတ်ရေးဒုက္ခရောက်တယ်။ မီတာခကလည်း ပိုပေးနေရတယ်။ နောက် မီးသွေး၊ ဂက်စ်ဖိုးအပိုတွေကုန်တာပေါ့။ ဝင်ငွေက သိပ်မကောင်းပါဘူးဆိုမှ မီးမလာတော့ ဒုက္ခရောက်တာပေါ့။

“ကြာလာတဲ့အထိ ဒီအတိုင်းဆိုရင်တော့ လုပ်ငန်းနားပစ်မှရမယ်ထင်တယ်။”

****************************************

 

ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်က ပုံနှိပ်စက်လုပ်ငန်းရှင်တစ်ဦး

 

ကျွန်တော်တို့အလုပ်က မီးနဲ့ အလုပ်လုပ်ရတဲ့လုပ်ငန်းဖြစ်တယ်လေ။ မီးက ပုံမှန်မရှိဘူး။ လာချင်တဲ့အချိန် လာ၊ ပြတ်ချင်တဲ့အချိန် ပြတ်တာဆိုတော့၊ မီးစက်အမြဲတမ်းနှိုးပြီးလုပ်ဖို့ကလည်း လောင်စာဆီဈေးက သိတဲ့အတိုင်း မငြိမ်ဘူး။ အလုပ်သမားစရိတ်နဲ့ ကုန်ကြမ်းစက္ကူဈေးတွေကလည်းတက်တယ်။ အခုအချိန်အထိတော့ အလုပ်အပ်တဲ့သူတွေရှိနေတော့ ထိန်းပြီးလုပ်နေရတာပေါ့။ ကြာလာတဲ့အထိ ဒီအတိုင်းဆိုရင်တော့ လုပ်ငန်းနားပစ်မှရမယ်ထင်တယ်။ ဆုံးရှုံးမှုကတော့ မီးနဲ့လုပ်ရမယ့်အလုပ်ကို မီးစက်နဲ့လုပ်နေရတာလေ။ ငွေကမကုန်သင့်တာတွေကုန်တာပေါ့။ အဲဒါပါပဲ။

****************************************

 

“မီတာခကျ တလကို အပ်ချုပ်စက် ၅လုံးကို လည်ပတ်တဲ့ အန်တီတို့ကျ မီတာခ ၄သိန်း လောက်ကျတယ်။ စက်ရုံအကြီးစားတွေမှာကျ စက်အလုံးပေါင်း ထောင်ချီ လည်ပတ်တာ တလ ကို ၇သိန်းလောက်ပဲ ကျတယ် မီတာခကလေ”

 

အပ်ချုပ်ဆိုင်လေး ပိတ်သိမ်းလိုက်ရသူ အမယ်အိုတစ်ဦးရဲ့ တီးတိုးသံ

 

‘ထောက်ကြံ့ ကိုးရီးယား အထည်ချုပ်စက်ရုံ မှာ မေနေဂျာအလုပ်လုပ်လာတာ လုပ်သက် ၁၈ နှစ်ရှိပြီ။ အန်တီတို့  လစာ ၂၀၂၂နှစ်အကုန် ပိုင်းအထိ တလကို ၄သိန်းကျော်ရတယ်။၂၀၂၃ လူလျော့တဲ့ အထဲမှာ အန်တီတို့ လင်မယား ၂ယောက်လုံးကို လျော့ခဲ့တယ်။ မီးပျက်များလို့ အထည်ရေ အထွက်နည်းလို့ရော၊ အသက်အရွယ်အရရော လျော့ပစ်လိုက်ကြတာ အန်တီ အသက်က ၄၉နှစ် အန်တီ ယောကျာ်းက ၅၄နှစ်လေ ဒီအလုပ်ပဲလုပ်လာခဲ့တဲ့ အတွက် အခု အပြင်မှာ သား၊သမီးတွေရဲ့ ထောက်ပံကြေးနဲ့လည်း အန်တီတို့ မနေနိုင်တော့ အဆင်မပြေဘူး။ ကလေးတွေအပေါ် ဝန်ပိတာမျိုး မလိုချင်လို့ လေ အဲ့ဒါ ရှိတာတွေထုခွဲရောင်းချပြီး အသေးစားအထည်ချုပ်လုပ်ငန်းလေး ကို ၄လပိုင်းလောက်မှာစခဲ့တာ လုံးဝ အဆင်မပြေခဲ့ဘူး။ ရှိတာလေးပါ ကုန်သွားခဲ့တယ် အခန်းငှားခ ၊မီတာခ ၊အထည်အလိပ်စျေးကလည်းကြီး ၊အလုပ်သမားခ  မီးပျက်တာတော့ အဆိုးဆုံးအချက်ပေါ့ မီတာခကျ တလကို အပ်ချုပ်စက် ၅လုံးကို လည်ပတ်တဲ့ အန်တီတို့ကျ မီတာခ ၄သိန်း လောက်ကျတယ်။ စက်ရုံအကြီးစားတွေမှာကျ စက်အလုံးပေါင်း ထောင်ချီ လည်ပတ်တာ တလ ကို ၇သိန်းလောက်ပဲ ကျတယ် မီတာခကလေ ။