လျှပ်စစ်ကားများ အားသွင်းနိုင်မည့် Charging Station တည်ဆောက်ရေးလုပ်ငန်း မီး မကြာခဏပျက်၍ ရပ်နားထားရ

Author အောင်နိုင်သူ
Categories
Published on Oct 02, 2022

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးများတွင် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် Charging Station တည်ဆောက်နိူင်ရန် စမ်းသပ်လုပ်ဆောင်နေရာ မီးမကြာခဏပျက်နေ၍အစီအစဥ်ကို ခေတ္တရပ်နားထားရသည်ဟု နေပြည်တော်ရှိ တည်ဆောက်ရေး ဝန်ထမ်းအချို့ထံမှ သိရသည်။

ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်းမကြီးများပေါ်တွင် လျှပ်စစ်ကားများအတွက် Charging Station ငါးခုကို Pilot Projectအဖြစ် ဆောင်ရွက်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စမ်းသပ်ပြုလုပ်နေရာတွင် မီးပျက်မှုကြောင့် အခုလို ရပ်နားရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

“အခုပြသာနာက မဖြစ်နိူင်တာကို မဖြစ်နိူင်ဘူးမပြောဘဲနဲ့စစ်တပ်က ဒါဆို ဟုတ်ကဲ့ဆိုပြီး လုပ်တဲ့ပြသာနာ မဖြစ်နိူင်ဘူးလေ မီးမှအချိန်ပြည့်မလာတာ ဘယ်လိုစမ်းသပ်မလဲ အာသွင်းမဲ့နေရာတောင် မဆောက်ရသေးဘူးနော် စမ်းသပ်နေတုန်း အဆင့်မှာတင် အဆင်မပြေဘူး မီးမှမလာတာ”ဟု ရှင်းပြသည်။

နေပြည်တော်အမြန်လမ်းတွင် Charging Station တစ်ခုတည်ဆောက်နိူင်ရန် စမ်းသပ်နေသော်လည်း မီးပျက်နေ၍ အလုပ်မလုပ်ရသည့်နေ့ရက်များက ပိုများသည်ဟု နေ့စားအလုပ်သမားတစ်ဦးက ပြောသည်။

“လုပ်ရမှာ မိုင်တိုင် ၂၀၁ /၂၀၂ စီလမ်းဆုံမှာ အဲ့နေရာမှာ ဆောက်မှာ အခုက မီးပျက်နေတာနဲ့ စမ်းသပ်ဖို့အချိန်မရဘူး ဒီဘက်မှာ အလုပ်တွင်ကျယ်အောင် အခြားနေရာတွေ မီးဖျက်ပြီးလုပ်ဖို့ကလည်း စစ်တပ်ကို EPC က ကြောက်နေတယ်”ဟု CJ Platform ကိုပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မှ လျှပ်စစ်ကားများပြေးဆွဲပြီး အားသွင်းနိူင်ရန် Charging Station တွေကို ဇီးရိုးမိုင်
အမှတ်၃လမ်းဆုံ၊ ၁၁၅မိုင်ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင်၂၀၁/၂ နေပြည်တော်စီလမ်းဆုံ၊ မိုင်တိုင်၂၈၄/၄ သီးကုန်းယာဉ်ရပ်နားစခန်းနှင့် မိုင်တိုင်၃၅၂/၃ စကားအင်းလမ်းဆုံများမှာ တည်ဆောက်ရန် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကို တာဝန်ပေးခဲ့တာဖြစ်သည်။

အဆိုပါ Charging Station များတည်ဆောက်ပြီးပါက လျှပ်စစ်ကားများတင်သွင်းခွင့်ကို ဗိုလ်ချုပ်ကြီးမြထွန်းဦးက ရရှိထားသည်။

လျှပ်စစ်မီး လုံလောက်မှု့မရှိသည့်အပြင် မီးမကြာခဏပျက်နေသည့် တိုင်းပြည်တွင် လျှပ်စစ်ကားများပြေးဆွဲနိူင်ရန်
အာဏာသိမ်းစစ်ခေါင်းဆောင်၏ စီစဥ်မှုမှာ အရူးအိမ်မက်သာဖြစ်သည်ဟု ဝေဖန်မှုများလည်းရှိနေသည်။