“လေးရက်တာ ပစ်ခတ်ရပ်စဲခြင်း”ဖြင့် ဓားစာခံအချို့ ပြန်လွှတ်ပေးမည့် သဘောတူညီမှု ရရှိတော့မည်ဟု အစ္စရေးဆို

Author လင်းနွေဦး
Categories
Published on Nov 22, 2023

ဟားမစ်စစ်အုပ်စု မှ အောက်တိုဘာလ (၇)ရက်နေ့တွင် အစ္စရေးအား စတင်တိုက်ခိုက်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော ဓားစာခံများအနက်မှ အချို့အား ပြန်လည်လွှတ်ပေးရန် အစ္စရေးနှင့် မကြာခင် သဘောတူမှုရရှိတော့မည် ဖြစ်ကြောင်း BBC Media မှ ဖော်ပြသည်။

 

​ပြီးခဲ့သည့် ယမန်နေ့ နိုဝင်ဘာ (၂၁)ရက်နေ့ တွင် အစ္စရေးဝန်ကြီးချုပ် နေသန်ရာဟု မှ ၎င်း၏ အစိုးရအဖွဲ့အဝင်များနှင့် အစည်းအဝေးများပြုလုပ်ပြီးနောက် မကြာခင်အချိန်အတွင်း သဘောတူညီမှု ရယူနိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများသို့ အသိပေးခဲ့သည်။

 

သဘောတူညီမှု အတွက် ဆွေးနွေးရာတွင် အကျဉ်းချုံးအချက်အလက် အဖြစ် “ဟားမစ် တွေဘက်က တစ်ရက်ကို ၁၂ ယောက်နှုန်း နဲ့ လေးရက်အတွင်း အများဆုံးအယောက် ၅၀ အထိ လွှတ်​ပေးမှာဖြစ်ပြီး အပေးအယူအနေနဲ့ လေးရက်တာ အပစ်အခတ် ရပ်စဲရပါမယ်”ဟု အစ္စရေးအရာရှိ တစ်ဦးမှ BBC သို့ပြောကြားခဲ့သည်။

 

အဆိုပါ သဘောတူညီချက်အား ၂၄ နာရီအတွင်း စတင်မည်ဟု သိရှိရပြီး သဘောတူညီမှု ရရှိမည်ဟု မထွက်ပေါ်လာခင် ရှေ့ပိုင်းလောက်ကပင် အစ္စရေးစစ်တပ်မှ နယ်မြေရှင်းလင်းစဉ် အတွင်း ထိန်းသိမ်းရမိသော ပါလက်စတိုင်း ပြည်သူ ၁၅၀ အား ပြန်လည်လွှတ်ပေးခဲ့သည်။

 

ဟားမစ်စစ်အုပ်စုဘက်မှ ဖမ်းဆီးခေါ်ဆောင်သွားသော အစ္စရေး ပြည်သူအရေအတွက်မှာ (၂၄၀) ခန့်ရှိပြီး ၎င်းတို့အနက် မှ အမေရိကန် ပြည်သူ (၂) ဦးအား အောက်တိုဘာလ ထဲတွင် လည်းကောင်း၊ နောက်ထပ် အစ္စရေး ပြည်သူ အချို့အား မကြာမှီ အချိန်က လည်းကောင်း လွှတ်ပေးခဲ့ပြီး ဖမ်းဆီးခံရသူများထဲတွင်  ၁၀ နှစ် ဝန်းကျင် ကလေးငယ်များ နှင့် အသက် (၆၀)အထက် လူကြီးများ ပါဝင်ကြောင်းသိရသည်။

ဟားမစ် စစ်အုပ်စုဘက်မှ ဓားစာခံများအား ဂါဇာမြို့ရှိ မြေအောက် လှိုင်ခေါင်းများ ထဲတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပြီး ထိုင်းအစိုးရ ၏ နိုင်ငံခြားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ ဓားစာခံ(၂၄၀)ယောက်ထဲတွင် ထိုင်းပြည်သူ (၂၅)ဦးခန့် ပါဝင်ကြောင်း သိရသည်။

 

အစ္စရေးဝန်ကြီးချုပ်နေသန်ရာဟုကမူ “ဓားစာခံတွေ ပြန်လွတ်လာရေးဟာ အလေးထားရမဲ့ ကိစ္စဖြစ်ပြီး ထိပ်တန်းရည်ရွယ်ချက်တစ်ခုပါ၊ ဒါ​ပေမဲ့ ဓားစာခံတွေပြန်လွတ်ပြီးရင် အစ္စရေးအနေနဲ့ စစ်ပွဲကို ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပြီး ရည်မှန်းချက်ကို အရယူပါမယ်”ဟု ပြောကြားခဲ့ကြောင်း BBC media မှ ဖော်ပြသည်။

 

ယခုအခါ အစ္စရေးပြည်သူများမှ ဓားစာခံများ ပြန်လည်လွတ်မြောက်လာရေး ကြိုဆိုသောအားဖြင့် အစ္စရေးမြို့များထဲတွင် ဖယောင်းတိုင်းများ ထွန်းညှိဆုတောင်းမှုများ ပြုလုပ်လျက်ရှိသည်။

 

အောက်တိုဘာ(၇) ရက်နေ့မှ စတင်သော အစ္စရေး-ဟားမစ် အရေးအတွင်း အစ္စရေး ဘက်မှ ပြည်သူ (၁၄၀၀)ကျော် သေဆုံးကာ (၂၄၀)ဝန်းကျင်ခန့် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ပါလက်စတိုင်းဘက်မှ ပြည်သူ (၁၄၀၀၀)ကျော် သေဆုံးခဲ့ပြီးဖြစ်သလို သေဆုံးပါလက်စတိုင်းပြည်သူများထဲမှ  (၅,၈၀၀)ကျော်မှာ ကလေးသူငယ်များ ဖြစ်သည်။