လေးမွှာပူးကိုယ်ဝန်ဆောင် စစ်ရှောင်ရင်းမီးဖွားရာမှ ကလေးနှစ်ဦးနှင့် မိခင်ဖြစ်သူ ဆုံးပါးခဲ့ရ 

Author လင်းနွေဦး/Gold
Categories
Published on Apr 01, 2024

ကရင်ပြည်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ၊ လမ်းကူးကျေးရွာနေ လေးမွှာပူး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ စစ်ရှောင်နေရင်း အရပ်လက်သည်ဖြင့် မီးဖွားရာမှ မိခင်ဖြစ်သူနှင့်အတူ ကလေးတစ်ဦး မီးဖွားစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ကာ မွေးဖွားထားသည့် ကလေး သုံးဦးအနက် တစ်ဦးမှာလည်း ထပ်မံ အသက်ဆုံးရှုံးခဲ့ရကြောင်း Save The Trees Rescue Team (STTRT) အသင်း ဥက္ကဌ ဖြစ်သူမှ CJ Platform သို့ပြောသည်။

 

ပြီးခဲ့သည့် မတ်လ ၂၉ ရက် သောကြာနေ့တွင် လေးမွှာပူးကိုယ်ဝန်ဆောင်ထားရသည့် မိခင်လောင်းမှာ ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေစဉ် ရေမွှာပေါက်သဖြင့် အကူအညီရှာဖွေရာ မြို့ပေါ်ရှိ ဆေးရုံ၊ဆေးခန်းများသို့ ရုတ်ချည်း သွားရောက်နိုင်ခြင်း မရှိသည့်အတွက် အရပ်လက်သည်ဖြင့် ခေါ်ယူမွေးဖွားရာ ကလေးသုံးဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သော်လည်း နောက်ဆုံးကျန်ရှိသည့် ကလေးငယ်အား မွေးဖွားနိုင်ရန် အားအင်ကုန်ခမ်းကာ ကလေးရော မိခင်ပါ အသက်ဆုံးပါးခဲ့ခြင်းဖြစ်သည်ဟု STTRT လူမှုကူညီရေး ဥက္ကဌ ကိုကျော်သူရမှ ဆိုသည်။

 

“မိခင်က လေးမွှာပူးကိုယ်ဝန်ဆောင်ထားရတာကိုမှ အစာအာဟာရလည်း ကောင်းမွန်စွာ မှီဝှဲ ရတာမျိုးမရှိဘူး။ စစ်ဘေးရှောင်နေရတဲ့ အချိန်ဆိုတော့ ဆေးခန်းသွားဖို့ကလည်း မမှီတော့ ဖြစ်ရာ အရပ် လက်သည်နဲ့ပဲ မွေးရတယ်။ ကလေးသုံးယောက် မနည်းမွေးပြီး ကျန်တစ်ယောက်ကို အားမရှိတော့ ထပ်မမွေးနိုင်တော့ဘဲ မီးတွင်းထဲမှာတင် မိခင်ကော ကလေးပါဆုံးပါးသွားပါတယ်” ဟု ကိုကျော်သူရမှ CJ Platform သို့ပြောသည်။

 

အဆိုပါ ကိုယ်ဝန်ဆောင် အမျိုးသမီးမှ မွေးဖွားခဲ့သည့် ကလေးငယ် သုံးဦးအနက် တစ်ဦးမှာလည်း လုံလောက်သည့် ကျန်းမားရေးစောင့်ရှောက်မှု မရရှိသည့်အတွက် မွေးဖွားပြီး ၂ ရက်မြောက် မတ်လ ၃၁ ရက် တနင်္ဂနွေနေ့တွင် ထပ်မံ ဆုံးပါးခဲ့သဖြင့် ကျန်ရှိ ကလေးငယ်နှစ်ဦးကို အထူးဂရုစိုက် စောင့်ရှောက်နိုင်ရန် စီမံဆောင်ရွက်နေရကြောင်း  ကိုကျော်သူရ၏ ပြောကြားချက်အရ သိရသည်။

“ကျန်တဲ့ ကလေးနှစ်ဦးကိုလည်း စိုးရိမ်လို့ လိုအပ်တဲ့ ကုသစစ်ဆေးမှုတွေလုပ်နိုင်အောင် ကိုယ်ဝန်ဆောင်မိခင် နဲ့ နီးစပ်သူတွေက လက်ရှိ စစ်ရှောင်ရာနေရာကနေပြီး  အခက်အခဲတွေကြားက ရောက်အောင်ပို့ဆောင်ခဲ့တဲ့ တောင်ငူဆေးရုံကြီးမှာ သွား‌ရောက် လက်ခံရယူပြီး ရန်ကင်း ကလေးဆေးရုံကြီးကို ပို့ဆောင်ဖို့လုပ်နေပါပြီ”ဟု ကိုကျော်သူရမှ CJ Platform သို့ပြောသည်။၏

 

မြန်မာနိုင်ငံတွင်းရှိ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ နှင့် တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခြင်းအပြင် စစ်ကောင်စီ မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် နိုင်ငံတဝန်း စစ်ဘေးရှောင် ဦးရေသည် ၃ ဒဿမ ၂ သန်း အထက်ရှိကာ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်သူ ဦးရေ စုစုပေါင်းမှာ ၁၇ ဒဿမ ၆ သန်းအထိ ရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA Myanmar) မှ ထုတ်ပြန်ထားသည်။