လေးနှစ်တာကာလ အခက်အခဲတွေကိုကျော်ဖြတ်ခဲ့ပြီး ဒုတိယစာမျက်နှာစပြီလို့ စစ်ခေါင်းဆောင်ပြော

Author CJ Platform
Categories
Published on Jul 31, 2025

စစ်တပ်အာဏာသိမ်းလေးနှစ်ကျော်ကာလအတွင်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပြီး လုပ်ဖော်ကိုင်ဖက် အားလုံးရဲ့ ဝိုင်းဝန်းကူညီမှုကြောင့် ပထမစာမျက်နှာကို ကျော်ဖြတ်နိုင်ခဲ့ကာ ဒုတိယစာမျက်နှာကို စတင်တော့မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ ပြုလုပ်တဲ့ ဂုဏ်ပြုပွဲအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေအပေါ် ပုံစံမျိုးစုံနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီက ရှေ့ဆက်လျှောက်ရမယ့်ခရီးလမ်း ဒုတိယစာမျက်နှာအတွက် ဆက်လက်ကူညီကြဖို့ကိုလည်း ပြောဆိုခဲ့ပြီး ဒါမှသာ ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်နိုင်မှာ  ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

“ဆက်လျှောက်လှမ်းမယ့်ခရီး၊ နိုင်ငံတော်ရဲ့ရှေ့ခရီးကတော့ အများကြီးကျန်ပါသေးတယ်၊ ပထမစာမျက်နှာကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ၊ ဒုတိယစာမျက်နှာအစမှာ ကျွန်တော်တို့ တကယ့်ကောင်းမွန်လှတဲ့ လက်ရေးလှလှလေးနဲ့ရေးပြီးတော့မှ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့အခက်အခဲပေါင်းစုံက ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့လုပ်ရကျိုးကနေ ပိုပြီးလုပ်ရကျိုးနပ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ ဇူလိုင် ၃၀ ရက်မှာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

 

လေးနှစ်ကျော်ကာလအတွင်း အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှားနိုင်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကိုလည်း ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။

 

စစ်ကောင်စီက သူတို့ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွက် နှောင့်ယှက်ဖျက်ဆီးမယ့်သူတွေကို တားဆီးဖို့လိုကြောင်းနဲ့ ဒီအတွက် ပြည်သူတွေပါ ပူးပေါင်းပါဝင်ဖို့လိုကြောင်း ပြောဆိုခဲ့ပြီး လာမယ့်ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ခြောက်လတစ်ကြိမ် အရေးပေါ်ကာလ သက်တမ်းတိုးမှု ခုနစ်ကြိမ်အထိ လုပ်ဆောင်ခဲ့ပြီးနောက် အခု ဇူလိုင် ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောဆိုထားတဲ့ စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်းတိုးမှု ဆက်လက်လုပ်ဆောင်ဖို့ ရှိ မရှိကိုတော့ မသိရသေးပါဘူး။

 

ဓာတ်ပုံ – pro-SAC