လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီနှင့် ကော်ဘရာစစ်ကြောင်း ထိတွေ့တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ် ထိခိုက်မှုနှင့် သေဆုံးမှုကို စိစစ်နေ

Author လင်းခိုင်
Categories
Published on Sep 12, 2022

လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်းတို့ စက်တင်ဘာ ၁၁ရက် ည၈နာရီမှ ၁၀ နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ထိခိုက်မှုနှင့်သေဆုံးမှုကို စိစစ်နေကြောင်း ကော်ဘရာက ယနေ့ထုတ်ပြန်ထားသည်။

လေးကေ့ကော်မြို့သစ်ရှိ KNLA တပ်ရင်း ၂၇ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၁ လုံခြုံရေးရယူထားသည့် ရပ်ကွက် ၆ သို့ စစ်ကောင်စီက နယ်မြေကျူးကျော်ရန် ကြိုးစားမှုကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်များသည် လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သော်လည်း ကော်ဘရာရဲဘော်များ တစ်စုံတစ်ရာထိခိုက်ခဲ့ခြင်းမရှိပဲ စစ်ကောင်စီက သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက်အတိအကျကို စိစစ်စုံစမ်းနေကြောင်း ကော်ဘရာက ထုတ်ပြန်ထားသည်။

ထို့ပြင် မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ ကျော်ဝါးဘိုးကုန်းတွင် အခြေပြုထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ၁၂၀မမဖြင့် တပ်ရင်း ၂၇နှင့်ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များကို ယနေ့မနက် တစ်နာရီမှသုံးနာရီထိလည်းကောင်း မနက် ၉နာရီမှ ၁၁နာရီထိလည်းကောင်း ရမ်းသန်းပစ်ခတ်မှုများပြုလုပ်နေပြီး ပြည်သူ့မေတ္တာကြောင့် စစ်သည်တော်များ တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း ကော်ဘရာက ထုတ်ပြန်ထားသည်။

လေးကေ့ကော်မြို့တွင် ယခုနှစ် ဧပြီ ၁၀ရက်က ကော်ဘရာစစ်ကြောင်းနှင့်စစ်ကောင်စီတို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ၂၀ဦးခန့်သေဆုံးကာ ဗိုလ်အဆင့်ရှိသူ တစ်ဦးကိုလည်းဖမ်းဆီးရမိခဲ့သည်။