လောက်ကိုင်ရှိ ခမရ (၁၂၉) မှ တပ်ရင်းမှူး အပါအဝင် တပ်ရင်းတစ်ခုလုံးနှင့် တပ်မိသားစုဝင်များပါ ကိုးကန့်တပ်ထံ လက်နက်ချ အလင်းဝင်

Author အဂ္ဂ
Categories
Published on Nov 14, 2023

ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ – လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် သည် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ဦးဆောင်ခေါ်ဆောင်ကာ ညီနောင်မဟာမိတ် (၃) ဖွဲ့ထံသို့ ဆက်သွယ်ပြီး ယခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၈) နာရီခွဲခန့်တွင်  ပြည်သူ့ရင်ခွင်ထံ ဝင်ရောက်လာကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့က လက်နက်ချလာသူ တစ်ဦးချင်းစီကို ကျပ်(၁၀ သိန်း) ၊ ၎င်းတို့၏ မိသားစုဝင်တစ်ဦးချင်းစီကို တစ်ဦးလျှင် ကျပ်(၁) သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ပါသည့်အပြင် ၎င်းတို့ထဲမှ ကျန်းမာရေးမကောင်းသူများကိုလည်း အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်ပေးလျက်ရှိ‌ကြောင်း၊ ၎င်းတို့သွားလိုရာနေရာများအသီးသီးသို့လည်း လုံခြုံစွာပို့ပေးထားခဲ့ပြီးဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

စစ်ကောင်စီ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်သည်  ရဲဘော်ရဲဘက် တပ်ဖွဲ့ဝင် (၁၂၆) ဦးနှင့်အတူ တပ်ဖွဲ့ဝင်များ၏ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ (၁၃၄) ဦး၊ စစ်ဘက်အရပ်ဘက် စုစုပေါင်း (၂၆၂) ဦးတို့၏ အသက်၊ အန္တရာယ်ကို ငဲ့ညာထောက်ထားသောအားဖြင့် တပ်ရင်း တစ်ရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့ကာ လက်နက်ချ အလင်းဝင်ရောက်လာသည့်အတွက်  ညီနောင်မဟာမိတ်သုံးဖွဲ့သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံးကလည်း ရဲရင့်သော သူရဲကောင်းတစ်ဦးအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင်ဖြစ်ပြီး ဤကဲ့သို့သော သူရဲကောင်းများ နောက်ထပ်ပေါ်ထွက်လာမည်ကိုလည်း ညီနောင်မဟာမိတ်သုံးဖွဲ့က  အပြည့်အဝယုံကြည်ပါသည်ဟုလည်း ဆိုထားသည်။

 

စစ်ကောင်စီ လက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းနှိုးဆောင်ချက်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်ပြီးနောက်ပိုင်းတွင် မြန်မာ့တပ်မတော်သားများသာမက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါ  ညီနောင်မဟာမိတ် (၃) ဖွဲ့မှ တစ်ဆင့် ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်လာကြသည့်အရေအတွက်မှာ (၂၀၀) ကျော်အထိ ရှိခဲ့ပြီဖြစ်‌ပြီး ပြည်သူ့ရင်ခွင်ခိုလှုံသူများကို ၎င်းတို့၏ ဆန္ဒအတိုင်း ဖြည့်ဆည်းပေးထားပြီး သွားလိုသည့်နေရာသို့ အန္တရာယ်ကင်းစွာ ကူညီဆောင်ရွက်ပေးထားပြီးဖြစ်သည်ဟုလည်း သိရသည်။

 

နီးစပ်ရာညီနောင်မဟာမိတ်များထံဆက်သွယ်ကာ လက်နက်ချအလင်းဝင်ပါကလည်း အာမခံချက်  (၅) ချက်အပြည့်အဝပေးကာ ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးမည်ဖြစ်သညါယ့်အတွက် လက်နက်ချ အလင်းဝင်ကြရန်လည်း တိုက်တွန်းထားသေးသည်။

ယခုဖြစ်စဉ်မတိုင်မီ အောက်တိုဘာ (၃၀) ရက်နေ့တွင် ကွမ်းလုံမြို့နယ်တောင်ပိုင်းရှိ ကံမိုင်းဒေသတွင် အခြေစိုက်သည့် ခလရ (၁၄၃) မှ တပ်ဖွဲ့ဝင် (၄၁) ဦး လက်နက်ချအလင်းဝင်ခဲ့သလို အောက်တိုဘာ (၃၁) ရက်နေ့တွင်လည်း ကွမ်းလုံမြို့နယ်၊ ဟဲ့ဟော်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် (၁၅) ဦး ကိုးကန့်တပ် (MNDAA) ထံ လက်နက်ချ အလင်းဝင်သည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။

 

အလားတူ တစ်နှစ်နီးပါး စစ်မက်ငြိမ်သက်နေခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ယမန်နေ့ (နိုဝင်ဘာ ၁၃)က တကျော့်ပြန်စစ်ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲများအတွင်း ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းသည်လည်း  AA ဘက်က လက်နက်ချရန်နှင့် လက်နက်မချပါက တိုက်မည်ဟု အကြောင်းကြားပြီးပြီးချင်း စခန်းလြံးကျွတ် လက်နက်ချ အလင်းဝင်ခဲ့ခြင်းမျိုးလည်း ရှိခဲ့သည်။

 

အောက်တိုဘာ (၂၇) ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်တးသည်ဟု ကြေညာကာ စစ်ကောင်စီ၏ အခြေစိုက်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြားရှိ တော်လှန်ရေးအင်အားစုများက ဟန်ချက်ညီတိုက်ပွဲဖော်ဆောင်သည်ဟုဆိုကာ စစ်ကောင်စီကို ဝိုင်းဝန်းတိုက်ခိုက်နေကြပါသည်။ အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီသည် လူသူလက်နက်ခဲယမ်းအမြောက်အမြားသာမက မြို့ကြီးများကိုပါ လက်လွှတ်နေရသည်အထိ အထိနာနေပြီလည်းဖြစ်သည်။