လောက်ကိုင်မြို့အတွင်းမှာ ဘာတွေဖြစ်နေလဲ

Author လဂွန်းအိမ်
Categories
Published on Nov 12, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် လောက်ကိုင်မြို့အတွင်း ထောင်နဲ့ချီသော ပြည်သူများ စစ်ဘေးရှောင်ခွင့်မရပဲ စားစရာအပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

 

မြို့ရှိ ဒေသခံများအပြင် လာရောက် အလုပ်လုပ်ကိုင်နေကြသည့် ဖိလစ်ပိုင်၊ ထိုင်းနှင့် တရုပ်နိုင်ငံသားအချို့ မှာ စစ်ပွဲကြောင့် အပြင်မထွက်ရဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး စားစရာများလည်း ပြတ်လပ်နေကြပြီဖြစ်ကြောင်း မြို့တွင်း စစ်ဘေးခိုလှုံ့နေရသည့် ရွေ့ပြောင်းလုပ်သား တစ်ဦးထံမှသိရသည်။ ထို့အပြင် စစ်ကောင်စီမှ ထိုင်းနိုင်ငံသား ၁၆၀ ဦးကျော်ကိုလည်း ရှေ့တန်းစစ်မျက်နှာပြင်တွင် ဘန်ကာ ကတုတ်ကျင်းများ တူးခိုင်းနေသည်ဟု ဧရာဝတီသတင်းဌာန၌ ဖော်ပြထားသည်။

 

အထွက်လမ်း တစ်လမ်းသာရှိသည့် လောက်ကိုင်-ချင်းရွှေဟော်လမ်းအား ညီနောင်မဟာမိတ်သုံးဖွဲ့မှ ပိတ်ထားကြောင်းသိရပြီး လမ်းတွင်ပိတ်မိနေသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီမှ နိုဝင်ဘာ ၁၁ ရက်နေ့တွင် နေ့လယ်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံး ဒဏ်ရာရရှိသူများ အများအပြားရှိခဲ့ကြောင်း CJ Platform မှ စုံစမ်း သိရှိရသည်။

 

“နေ့လယ် ၁၂ဝန်းကျင်လောက်မှာ စကစဘက်က လက်နက်ကြီးနဲ့ စပစ်တယ် ပထမတစ်ချက် စပစ်တော့ အရမ်းမဝေးတဲ့နေရာကို ကျသွားတယ် နောက်တစ်ချက် ထပ်ပစ်တော့ ရှေ့၂စီးရဲ့အနားကို ကျသွားတော့ လိုက်ထရက်ကားပေါ်က ကောင်မလေးကိုထိပြီး ကားပေါ်ကပြုတ်ကျသွားတယ်၊ ကျနော်တို့လည်း ကားပြန်လှည့်ထွက်လာတာ ကားကိုထိသွားတာတော့ သိလိုက်တယ် ပြန်ရောက်မှ ကိုယ့်ကားလည်း လက်နက်ကြီးအစမှန်ပြီး အပေါက်ကြီးဖြစ်နေတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးမှ CJ Platform သို့ပြောသည်။

 

ဖြစ်စဉ်နေရာတွင် ခါးပြတ်ပြီး သေဆုံးနေသော အမျိုးသားတစ်ဦးအား တွေ့ရှိခဲ့ရပြီး ဒဏ်ရာရသူတွေလည်း အများအပြားတွေရှိခဲ့ရကြောင်း ဆိုင်ကယ်များ ကားများထားခဲ့ကာ အသက်လုပြေးခဲ့ရသည့်သူများလည်း ရှိကြောင်း ၎င်းမှဆိုသည်။ ထို့ပြင် အတည်မပြုနိုင်သေးသည့် သတင်းများအရ ပိတ်မိသူများအတွင်း စစ်ကောင်စီဖက်မှ လက်နက်ကြီးများပစ်ခတ်ချိန် ညီနောင်အဖွဲ့များမှလည်း သေနတ်ဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

 

လောက်ကိုင်မြို့  မြို့တွင်းတွင် လုယက်မှုများ စတင်ဖြစ်ပေါ်နေပြီး ဆိုင်များအနေဖြင့် ညနေ ၅ ခွဲဝန်းကျင်မှ စတင်ကာ အကုန်ပိတ်ထားကြပြီး လမ်းမကြီးများပေါ်တွင် အသွားအလာမရှိသလောက်နဲပါးနေကာ အပြင်သွားလာရန်လည်း ဒေသခံများမှ ကြောက်ရွံ့နေကြရကြောင်း သိရသည်။

 

ယွမ် ၅၀ ခန့်သာ တန်ကြေးရှိသည့် စားသောက်ကုန်များမှာ ယွမ် ၂၀၀ ကျော်အထိ စျေးနှုန်းမြင့်တက်နေပြီး လိုအပ်သလောက်လည်း ဝယ်ယူ၍မရဘဲ စက်သုံးဆီဆိုင်များမှာလည်း အားလုံးနီးပါးပိတ်ထားကာ မီးသွေးပင် ဝယ်ယူရန် ခက်ခဲနေသည့် အခြေအနေဖြစ်နေကြောင်း ရွှေ့ပြောင်းလုပ်သားတစ်ဦးထံမှ သိရသည်။

 

စစ်ဘေးတိမ်းရှောင် မော်တော်ယာဉ်ငှါးရမ်းရာတွင်လည်း တစ်ဦးလျှင် ကျပ်၁၀ သိန်းကျော်အထိ တောင်းခံသော်လည်း တိုက်ပွဲများကြောင့် မြို့တွင်း လှည့်ပြန်လာရပါက ကားခ ပြန်လည် ထုတ်မပေးခြင်းကြောင့် ကားခများ ဆုံးရှုံးရသည့် ဖြစ်စဉ်များနှင့် ရင်ဆိုင်နေရကြောင်း၊ အချိန်ကြာလာသည်နှင့်အမျှ စစ်ကောင်စီမှ ပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးပြုမည်ကို စိုးရိမ်နေကြောင်း ယင်းဒေသသို့ ရောက်ရှိနေသည့် ရွေ့ပြောင်း လုပ်သားတစ်ဦးက ပြောသည်။

 

“ကျနော်တို့ အတော်ကို ဒုက္ခရောက်နေပါတယ်၊ ညီနောင်အဖွဲ့မှလည်း သတ်မှတ်ချက်နဲ့ဖြစ်ဖြစ် အချိန်အတိုင်းအတာလေး တစ်ခုတော့ လမ်းဖွင့်ပေးတာမျိုး တစ်ခုခုကူညီတာမျိုး လုပ်ပေးစေချင်ပါတယ်။ NUG အနေနဲ့တော့ ကျနော်တို ဒုက္ခတွေကို သိမယ်တောင်မထင်ပါဘူး အခုသိခဲ့မယ်ဆိုရင် ပြည်သူ့အသံ ပြည်သူ့အတွက် ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲပဲ၊ မေးချင်တယ် အခုတော့ စကစတွေ လူသားဒိုင်းအသုံးပြုနိုင်အောင် ငုတ်တုတ်ထိုင်စောင့်ပေးနေရလိုပါပဲ ” ဟု ရွှေ့ပြောင်းအလုပ်သမားတစ်ဦးမှ CJ Platform သို့ပြောသည်။

 

စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့်ပစ်ခြင်း လေယာဉ်ဖြင့် ပစ်နေခြင်းများရှိကာ ဒရုန်းများဖြင့်လည်း စောင်ကြည့်မှုများ ပြုလုပ်နေကြောင်းသိရပြီး ဂိတ်များတွင်လည်း အမေးအမြန်းမရှိ ပစ်ခွင့်ပေးခြင်းကြောင့် ပြည်သူများအနေ့ဖြင့် ညနေ ၄ နာရီဝန်းကျင်ခန့်ထိသာ သွားလာ ဖြတ်သန်းနေကြသည်ဟု စုံစမ်းသိရှိရသည်။

 

ပုံစာညွှန်း –  လောက်ကိုင်မြို့တွင်း တစ်နေရာအား အောက်တိုဘာလ နှောင်းပိုင်းတွင် မြင်ရပုံ

Related News

Depend on news