လောက်ကိုင်မြို့သိမ်း တိုက်ပွဲ မကြာမီလာမည်ဟု ညီနောင်သုံးဖွဲ့ပြော

Author ဇက်
Categories
Published on Nov 26, 2023

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ တွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်ခါနီးတွင် လောက်ကိုင် မြို့သိမ်း တိုက်ပွဲ လာတော့မည်ဟု မဟာမိတ် ညီနောင်သုံးဖွဲ့မှ ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ညီနောင်မဟာမိတ်တို့၏ ၁၀၂၇ စစ်ဆင်ရေးသည် ရပ်တန့်ခြင်းမရှိဘဲ ဟန်ချက်ညီ စစ်ဆင်ရေးများ တစ်ရက်ပြီး တစ်ရက် ဆင်နွှဲလျက်ရှိကြောင်း၊ စစ်ဆင်ရေး တစ်လပြည့်ခါနီးတွင် ထိုက်သင့်သော အောင်မြင်မှုများနှင့် အတူ ရည်မှန်းထားသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များကို ဆက်လက် အကောင်အထည်ဖော်ရန် စစ်ရေးအရှိန်ကို ထပ်မံမြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် ကနဦးတွင် ဖော်ပြထားသည်။

 

ထို့နောက် “စစ်ဆင်ရေး တစ်လတာ ကာလအတွင်း ကိုးကန့်အထူးဒေသ (၁) သည် ကိုးကန့်လူမျိုးတို့ လက်ထဲရောက်ရှိရန် လက်တစ်လှမ်း အလိုသို့ ရောက်ရှိနေပြီး ကိုးကန့်လူမျိုးတို့၏ အိမ်ပြန်တိုက်ပွဲဖြစ်လာမည့် ” လောက်ကိုင်မြို့သိမ်း” တိုက်ပွဲသည်လည်း မကြာမီ လာတော့မည်ဖြစ်သည်။” ဟု မြောက်ပိုင်းညီနောင်များက ဆိုသည်။

 

၎င်းတို့ အနေဖြင့် စစ်ဆင်ရေး ၃၀ ရက်မြောက် နေ့တွင်လဲ ရန်သူ၏ ပစ်မှတ်များကို ဆက်လက်ချေမှုန်းနေပြီး အရပ်သားပြည်သူများကို လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်နေသော ရန်သူ့စစ်စခန်းအချို့ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဆက်လက် ပူးတွဲ ပါဝင်သည်။

 

” စစ်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် လက်နက်ချအညံ့ခံလာသော ရန်သူတပ်ဖွဲ့ဝင်များအား လည်း စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ပေးလျက်ရှိသည်။”ဟု မဟာမိတ် သုံးဖော်က ဆက်လက် ဖော်ပြထားသည်။

 

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ စ၍ ဖြစ်ပွားလျက်ရှိသော ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စစ်ဆင်ရေး (Nationwide Operation) ကို စတင်မည်ဟု ညီနောင်မဟာမိတ် သုံးဖွဲ့မှ  လွန်ခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ကြေညာထားသည်။

 

“Nationwide Operation သည်လည်း မိမိတို့ စစ်ဆင်ရေး တစ်လပြည့်သည့် နိုဝင်ဘာလ (၂၇) ရက်နေ့၊ တန်ဆောင်မုန်းလပြည့်နေတွင် နောက်တစ်ဆင့် တက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောထားခြင်း ဖြစ်သည်။

 

၎င်းထုတ်ပြန်ချက် ထုတ်ပြန်ပြီး ရက်ပိုင်းအကြာတွင် ကိုးကန့်တို့၏ အိမ်ပြန်တိုက်ပွဲဖြစ်သည့် လောက်ကိုင်မြို့သိမ်းတိုက်ပွဲ မကြာမီ လာတော့မည့်အကြောင်း ပြောဆိုထားခြင်း ဖြစ်သည်။