လောက်ကိုင်မြို့တွင် စစ်ကောင်စီ မာရှယ်လောထုတ်

Author ဂျွန်နသန်
Categories
Published on Oct 27, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)တိုက်ပွဲများကြောင့် လောက်ကိုင်မြို့ကို စစ်ကောင်စီက အ​ပြင်မထွက်ရ မာရှယ်လော ထုတ်ပြန်လိုက်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများတင်နွှဲနေချိန်တွင် စစ်တပ်ဘက်က ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လတ်တလော လောက်ကိုင်မြို့ပေါ်ရှိ စျေးများနှင့် ဆိုင်အတော်များများ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ယင်းမြို့ခံတစ်ဦးထံမှ သိရသည်။

ထိုသို့ စစ်ကောင်စီမှ မာရှယ်လောအမိန့်ထုတ်ပြန်သော်လည်း နံနက်ပိုင်းက ပြည်သူများအသွားအလာရှိနေသေးကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

” မနက်ဖက်ကတော့ လောက်ကိုင်ဘက်က အသံတွေကြားတယ်။ ဗုံးကွဲလို့ ၂ ယောက်ထိသွားတယ်လို့လည်း ကြားတယ်” ဟု ဒေသခံတစ်ဦးက CJ Platform သို့ ပြောသည်။

‌နယ်ဝေးမှ လောက်ကိုင်သို့ လာရောက်အလုပ်လုပ်ကိုင်ကြသူများသည်လည်း လမ်းများအားလုံးနီးပါး ပိတ်သွားသဖြင့် ပြန်၍မရတော့ကြောင်း သိရသည်။

ထို့ပြင် ယင်းမြို့နယ်အတွင်း ယမန်နေ့က ဆန်တစ်အိတ်လျှင် တရုတ်ယွမ် ၄၀၀ သာရှိခဲ့ရာမှ ယနေ့အောက်တိုဘာ ၂၇ ရက်တွင် ယွမ် ၇၀၀ မှ ၈၀၀ အထိဈေးနှုန်းမြင့်တက်သွားကြောင်း သိရသည်။

လက်ရှိအချိန်အထိစစ်ကောင်စီမှ သိန္နီ၊ ချင်းရွှေဟော်၊ လာရှိုး တို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့တို့တွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။