လောက်ကိုင်တွင် လက်နက်ချ၍ သေဒဏ်ချခံရသည်ဆိုသော ဗိုလ်မှူးချုပ်ကို ကိုးကန့်ဥက္ကဋ္ဌအဖြစ် စစ်ကော်မရှင် ဆက်ခန့်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဒကစလောက်ကိုင် တိုက်ပွဲအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ထံ လက်နက်ချခဲ့တဲ့အတွက် သေဒဏ်ချမှတ်ခံထားရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို စစ်ကောင်စီက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ခေတ္တဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ပေးထားတာကို စစ်ကောင်စီရဲ့ တရားဝင်ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ မကြာသေးခင်က အသစ်ထုတ်ပြန်ခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ အမည်စာရင်းမှာ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ခေတ္တဥက္ကဋ္ဌအဖြစ် မပြောင်းမလဲ ဖော်ပြထားတာ ဖြစ်ပါတယ်။
လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တစ်ခုလုံး လက်နက်ချခဲ့တဲ့ ဖြစ်စဉ်အပြီး ကိုးကန့်ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်တွေကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းတဲ့ အခြေအနေမျိုး မတွေ့ရှိရသေးဘဲ၊ သေဒဏ်ထိုက်တဲ့ပုဒ်မနဲ့ အရေးယူခံထားရသူကို ယခင်ရာထူးအတိုင်း ဆက်လက်ထားရှိခြင်းဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က မြန်မာစစ်အုပ်စုရဲ့သမိုင်းမှာ အကြီးမားဆုံး လက်နက်ချမှုအဖြစ် လောက်ကိုင် ဒကစ က ဗိုလ်မှူးချုပ် ၆ ဦး၊ တပ်ဖွဲ့ဝင် ၂,၁၀၀ ကျော်နဲ့ တပ်မိသားစုဝင် ၁,၆၀၀ ကျော်တို့ဟာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထံကို လက်နက်ချခဲ့ကြပါတယ်။
CJ Platform မှ ရရှိထားတဲ့ ပေါက်ကြားလာသည့် စာရွက်စာတမ်း လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်တွေထဲမှာ ပါဝင်တဲ့ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို MNDAA နဲ့ ဆက်သွယ်ပြီး လောက်ကိုင်ကနေ တန့်ယန်းကို တပ်ဆုတ်ခွာခဲ့တဲ့အတွက်ဆိုပြီး သေဒဏ်ထိုက်တဲ့ တပ်မတော်အက်ဥပဒေပုဒ်မ ၃၂ (ဃ) နဲ့ အရေးယူထားကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် လောက်ကိုင် ဒကစ မှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ (၅၅) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ စကခ (၁၂) မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ အမှတ် (၁၆) ခြေလျင်တပ်မဟာမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦးနှင့် ဒု-ဒကစမှူး ဗိုလ်မှူးကြီး ကျော်မိုးလွင် တို့ကိုလည်း တပ်ဌာနချုပ်ကို ရှက်ဖွယ်ကောင်းစွာ စွန့်ပစ်ခဲ့တဲ့အတွက် သေဒဏ်ထိုက်တဲ့ တပ်မတော်အက်ဥပဒေပုဒ်မ ၃၂ (က) နဲ့ အရေးယူခဲ့ကြောင်း အဆိုပါစာရွက်စာတမ်းတွေမှာ ပါရှိပါတယ်။