လောက်ကိုင်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ခံထားရ၊ ​မြို့အနီး စစ်ရေးတင်းမာနေ

Author အဂ္ဂ
Categories
Published on Nov 03, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့တွင် ယမန်နေ့ ညနေ ငါးနာရီဝန်းကျင်ကတည်းက ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ပြီးနောက် မြို့အနီး တဝိုက်တွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံတစ်ဦး ပြောကြားချက်အရ သိရသည်။

“လိုင်းဖြတ်ပြီးနောက်ပိုင်း ဆက်တိုက်ပစ်တယ်။ ‌တိုက်လေယာဉ်နှစ်စင်းနဲ့လည်း လာပစ်သွားတယ်။ ပြီးတော့မနက်ပိုင်းလည်း လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တယ်။ ရဟတ်ယာဉ်ပတ်တဲ့အချိန်ခဏ အပစ်အခတ်နားကြတယ်။ ရဟတ်ယာဉ်ပြန်သွားရင် ပြန်ပစ်ကြတယ်။ လက်နက်ကြီးနဲ့ မပစ်ရင် သေနတ်နဲ့ပစ်ကြတယ်” ဟု လောက်ကိုင်မြို့‌နေ ဒေသခံတစ်ဦးက CJ Platform သို့ ပြောသည်။

လတ်တလော လောက်ကိုင်မြို့ထဲ၌ စစ်သားနှင့် ပြည့်သူစစ်များပြည့်နှက်နေပြီး ကားလမ်းများလည်း ပိတ်နေကြောင်း၊ ဆိုင်အချို့ဖွင့်သော်လည်း အချို့က ပိတ်ထားပြီး မိုဘိုင်းလ်ဖုန်းနှင့် ဆင်းကတ်အ‌ရောင်းဆိုင်များတွင် လူများကြိတ်ကြိတ်တိုးနေကြောင်း ၎င်းက ပြောသည်။

” မြန်မာဆင်းကတ်တွေ ပိတ်ထားတဲ့အတွက် တရုတ်ဆင်းကတ်တွေ ဝယ်နေကြပုံပဲ” ဟု ၎င်းက ဆက်ပြောသည်။

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးလုပ်ဆောင်နေသော ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်ကမူ လောက်ကိုင်မြို့တိုက်ပွဲနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြောခြင်းမရှိသေးသော်လည်း ယမန်နေ့က ထုတ်ပြန်ခဲ့သော နိုဝင်ဘာ (၁) ရက်နေ့ တိုက်ပွဲသတင်း ထုတ်ပြန်ချက်ထဲတွင် ကိုးကန့်စစ်ကြောင်းများသည် လောက်ကိုင်ဒေသဘက်ကို ဦးတည်ဆောင်ရွက်လျက်ရှိသည်ဟု အရိပ်အမြွက်ရေးသားဖော်ပြထားသည်။

ညီနောင်မဟာမိတ်တပ်များသည် ချင်းဟော်ရွှေ၊ သိန္နီ၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်စသည့်မြို့များကို အလုံးစုံထိန်းချုပ်နိုင်ထားသည့်အပြင် တင့်ကား(၆)စီးနှင့် စစ်ကောင်စီတပ်စခန်းပေါင်း (၉၀)ကျော်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေသော စစ်ကောင်စီထိန်းချုပ်ရာဒေသများတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။