လောက်ကိုင်တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဗိုလ်မှူးချုပ် မင်းမောင် ကို သူကောင်းပြုရန် မင်းအောင်လှိုင် လုပ်ဆောင်နေ စိုးဝင်းနှင့် သဘောထားကွဲလွဲမှုများရှိ

Author စကားဝါ
Categories
Published on Jan 24, 2024

လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် တစ်ခုလုံး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထံ လက်ချခဲ့ရသည့် လောက်ကိုင်တိုက်ပွဲအတွင်း လက်နက်ချခဲ့ခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဗိုလ်မှူးချုပ် မင်းမောင် ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူကောင်းပြုရန် လုပ်ဆောင်နေခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒုစစ်ကောင်စီခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း CJ Platform ၏ တပ်တွင်း သတင်းရင်းမြစ်ထံမှ ကနဦး သတင်းပေးပို့မှုအရ သိရသည်။

 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ကို MNDAA မှ ဇန်နဝါရီ ၅ရက်နေ့က သိမ်းယူခဲ့ရာတွင် လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ဒေသ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ-၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ အမှတ် (၁၄) စစ်ဆင် ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး၊ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း အပါအဝင် စစ်သည်အင်အား ၂၃၀၀ကျော်မှာ လက်နက်ချ အညံခံခဲ့ရသည်။

 

“မင်းမောင်က လက်နက်ချတဲ့အထဲ မပါဘူး၊ သူကတပ်ဖျောက်ပြီး ထွက်ပြေးတာ၊ တပ်ဖျောက်ပြီး ထွက်ပြေးသူကို မင်းအောင်လှိုင်က လက်နက်မချတဲ့သူဆိုပြီး ဘွဲ့တွေဆုတွေ ပေးဖို့လုပ်နေတော့ စိုးဝင်းနဲ့ အငြင်းပွားနေတယ်၊ ပထမ ဗိုလ်မှူးချုပ် ခြောက်ဦးကို အမိန့်မချခင် သူ့ကို ဆုတွေပေးဖို့ လုပ်နေတာ၊ မင်းအောင်လှိုင်ကတော့ မင်းမောင်ကို သူရဲကောင်းပုံစံလုပ်စေချင်တယ်၊ စိုးဝင်းက လက်မခံဘူး”ဟု CJ Platform ၏ တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

 

ဗိုလ်မှူးချုပ် မင်းမောင်သည် လောက်ကိုင်မြို့အနီးရှိ ပွိုင့် ၂၂၀၂ ခံစစ်စခန်းအား တာဝန်ယူရသူ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဖြစ်ပြီး လောက်ကိုင်မြို့အား MNDAAမှ ဝိုင်းဝန်းပိတ်ဆို့ထားချိန်တွင် စစ်ကူမပေးဘဲ နောက်လိုက်အင်အား ၃၅၀ကျော်ဖြင့် တပ်ဖျောက် ထွက်ပြေးခဲ့သူဖြစ်သည်။ ထို့နောက် စစ်ကောင်စီမှ လာရောက်ခေါ်ယူသည့် ရဟတ်ယာဉ်များဖြင့် တန်ယန်းမြို့ရှိ အမှတ်(၃၃) ခြေလျင်တပ်ရင်းသို့ သွားရောက် ခိုလှုံခဲ့သူဖြစ်သည်။

 

စစ်သည်များနှင့် မိသားစုများ အသက်မဆုံးရှုံးစေရေးအတွက် MNDAAထံ လက်နက်ချ အညံခံခဲ့သည့် လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ဒေသ စစ်ကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်နှင့် တပ်မ-၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ သုံးဦးကို စစ်ကောင်စီ၏ စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခဲ့ပြီး  အမှတ် (၁၄) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး နှင့် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်းတို့ကိုမူ စစ်ကောင်စီ၏ စစ်ခုံရုံးမှ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ထားကြောင်း CJ Platform ၏ တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာညွှန်း – လောက်ကိုင်တိုက်ပွဲအတွင်း လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်သားများအား MNDAA မှ ၎င်းတို့ သွားလိုသည့် နေရာများအား ပို့ဆောင်ပေးနေပုံ