လေယာဥ်ရှိတုန်း လက်ဘနွန်ကို စွန့်ခွာကြရန် ကနေဒါနိုင်ငံသားများအား နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

Author အဂ္ဂ
Categories
Published on Oct 18, 2023

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Melanie Joly (မယ်လာနီ ဂျိုလီ) က လက်ဘနွန်မှာရှိတဲ့ ကနေဒါနိုင်ငံသားတွေအနေနဲ့ အရှေ့အလယ်ပိုင်းမှာ မတည်ငြိမ်မှုတွေ မြင့်တက်လာနေတဲ့ကြားကနေ စီးပွားဖြစ်လေယာဉ်တွေ ပြေးဆွဲနေသေးတုန်းမှာပဲ အဲ့ဒီနိုင်ငံကို စွန့်ခွာကြဖို့ အင်္ဂါနေ့မှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

“အကယ်၍ သင်တို့က လက်ဘနွန်မှာ ရှိနေတယ်ဆိုရင် စီးပွားဖြစ်လေယာဉ်တွေ ပြေးဆွဲနေသေးတဲ့ အချိန် အခုအချိန်က အဲ့ဒီကနေ ထွက်ခွာဖို့ အချိန်ကျနေပါပြီ” လို့ Joly က သတင်းထောက်တွေကိုပြောပါတယ်။

Tel Aviv (တဲလ်အဗစ်) နဲ့ West Bank (အနောက်ဘက်ကမ်း) တွေကနေ ထွက်ခွာလိုတဲ့ ကနေဒါနိုင်ငံသားတွေ အနေနဲ့ကတော့ Ottawa (အော့တဝါ) မြို့ကနေ Athens (အေသင်) မြို့ကို စစ်ဆင်ရေးကိစ္စနဲ့ သွားရောက်နေတဲ့ စစ်တပ်လေယာဉ်တွေကို အခွင့်ကောင်းအဖြစ် အသုံးချသင့်တယ်လို့လည်း သူမက ဆက်ပြောပါတယ်။

“အခြေအနေတွေက အင်မတန် မငြိမ်မသက်ဖြစ်နေတဲ့အတွက် ဒီစစ်ဆင်ရေးကို ဘယ်လောက်ထိ ဆက်လုပ်နိုင်မယ်ဆိုတာ မသိနိုင်ဘူးလေ” လို့ Joly ကပြောပါတယ်။

ကနေဒါနိုင်ငံဟာ အခုအချိန်ထိ လူပေါင်း (၁၃၀၀) ကျော်ကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။