လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံနေရာအနှံ့ မိုးကြီးနိုင်

Published on Oct 03, 2022

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံနေရာအနှံ့ မိုးကြီးနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် လေပြင်းတိုက်ခိုက်နိုင်ပြီး ၂၅မိုင်မှ မိုင် ၃၀အထိရှိနိုင်ကာ ယင်းလေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက်ယွန်းယွန်းကို ရွေ့လျားနေကြောင်း ဦးဝင်းနိုင်က ပြောကြားသည်။

“ဒီနေ့မှ နောက်လာမဲ့ ၃ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံး မိုးဆက်ရွာနေနိုင်ပြီး၊ ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက်နဲ့ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါမယ်”ဟု ဦးဝင်းနိုင်ကပြောကြားသည်။

ထို့ပြင်အောက်တိုဘာ ၄ရက်နေ့တွင် ဧရာဝတီ၊ ရန်ကုန်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းဒေသအချို့တွင် လေပြင်းတိုက်နိုင်ပြီး တစ်နာရီ ၁၀မိုင်မှ မိုင်၂၀အထိရှိနိုင်သည်။

လက်ရှိတွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများမှ ဆုတ်ခွာခဲ့ပြီဖြစ်ပြီး နောက်နှစ်ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာနိုင်ကြောင်း မိုးဇလမှသိရသည်။