လေကြောင်းစစ်ကူမှုပေးနေသည့်ကြားမှ နတ်သံကွင်းအား တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားနိုင်ပြီဖြစ် ၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့အနီးရှိ နတ်သံကွင်းမြို့အား ယနေ့ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းတွင် တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့များမှ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တစ်ဦးမှ CJ Platform သို့ အတည်ပြု ပြောကြားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သော ပူးပေါင်းမဟာမိတ် မိတ်တပ်ဖွဲ့များမှ ဒီဇင်ဘာ (၂၆) ရက်နေ့ အင်္ဂါ နေ့ တွင် နတ်သံကွင်းမြို့ အနီးရှိ အုန်းနဲပင်ရွာ၊ နရွဲပင်ရွာ၊ လပတ်ရွာ တို့မှ စစ်ကောင်စီ တပ်စခန်းများအား သိမ်းပိုက်ပြီးနောက် နတ်သံကွင်းရှိ စစ်ကောင်စီ တပ်စခန်းများအား ဆက်လက် ထိုးစစ်ဆင်နေခဲ့ရာမှ ယနေ့တွင် နတ်သံကွင်းမြို့အား ထိန်းချုပ်ထားနိုင်ပြီဟု ကြေညာနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က သဲကောဘက်ကို လက်ရှိရောက်နေတာ မနေ့တုန်းက နရွဲပင် အုန်းနှဲပင် ဘက်မှာ အာရုံလွှဲတယ်ပြောပေမဲ့ ဟိုဘက်က လေကြောင်းစစ်ကူ တအားသုံးတဲ့ ကြားက နတ်သံကွင်းကို ထိန်းချုပ်နိုင်ခဲ့တယ်””ဟု ရှေ့တန်းစစ်မြေပြင်ရောက် ရဲဘော်တစ်ဦးမှ CJ Platform သို့ အတည်ပြု ပြောကြားခဲ့သည်။
နတ်သံကွင်း တိုက်ပွဲအတွင်း လက်နက်ငယ် (၁၉)လက်နှင့် ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိကာ စစ်ကောင်စီဘက်မှ တပ်သား (၂၀)ကျော် ကျဆုံးခဲ့ပြီး တော်လှန်ရေး အင်အားစုများဘက်မှလည်း ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန MoD ၏ ထုတ်ပြန်ချက်အတွင်းဖော်ပြထားသော်လည်း အသေးစိတ် ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။
ထို့ကြောင့် နှစ်ဘက်ထိခိုက်ကျဆုံးမှုနှင့် ပတ်သတ်၍ မေးမြန်းစုံစမ်းရာတွင် “MoD ကတော့အဲ့လို ထုတ်ထားတယ်ပေါ့နော် ဟိုဘက်က (၂၀) ကျော်ကျတယ်ပေါ့ ကျွန်တော်တို့ဘက်ကလည်း ၆ ယောက်လောက် ကျမယ်ဗျ စာရင်းအသေးစိတ်ကတော့ တာဝန်ရှိသူတွေ ထုတ်ပြန်ခြင်းရှိမရှိ ကတော့ သူတို့လုပ်ပါလိမ့်မယ်” ဟု အထက်ပါ တော်လှန်ရေးရဲဘော်မှ CJ Platform သို့ပြောသည်။
ထို့ပြင် ဒီဇင်ဘာ (၂၇)ရက်နေ့ နံနက် (၆)နာရီ၌ နတ်သံကွင်းသို့ ပဲနွယ်ကုန်းမှ စစ်ကူလာရောက်သော တပ်သား အင်အား (၁၀၀)ခန့် ပါဝင်သော စစ်ကြောင်းအား သဲကောကျေးရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား (၂၀)ခန့် ထပ်မံသေဆုံးခဲ့သည် ဟု MoD ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။
တပ်စခန်းများ သိမ်းပိုက်ရေး စစ်ရေးဖော်ဆောင်မှုများအား KNU နှင့် MoD တို့ ပူးပေါင်း၍ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးအမည်အား ဖားစည်ဟိန်းသံနှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး ဟု အမည်ပေးခဲ့ပြီး KNLA၊ PDF ၊ABSDF ၊BPLA နှင့် ဒေသခံတပ်ဖွဲ့များနှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များမှ ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ နတ်သံကွင်းမြို့အနီးတဝိုက်ရှိ ကျေးရွာများတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲကာ စစ်ကူပေးနေကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။