လူဦးရေစာရင်း ကောက်ယူသည့်အဖွဲ့များ တိုက်ခိုက်ခံရမှုများကြောင့် စစ်ကောင်စီ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များ စာရင်းကောက်ယူရန် ကြောက်ရွံ့နေ

Author ခေတ်နီ
Categories
Published on Jan 14, 2023

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ပြုလုပ်ရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများ ကောက်ယူနေသည့် အဖွဲ့များ တိုက်ခိုက်ခံရမှုများကြောင့် စစ်ကောင်စီလက်အောက်ရှိ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များပင် လူဦးရေစာရင်းများ လိုက်လံကောက်ယူရမည်ကို ကြောက်ရွံ့နေကြကြောင်း စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေး အသိုင်းအဝန်းထံမှ သိရသည်။

စစ်ကောင်စီက ပြုလုပ်ရန် ကြံရွယ်နေသည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ကာ လူဦးရေစာရင်းများကို တအိမ်တက်ဆင်း ကောက်ယူနေတာပဲ ဖြစ်သည်။

ထိုကဲ့သို့ စစ်ကောင်စီ ပြုလုပ်မည့်ရွေးကောက်ပွဲသည် တရားဝင်မှုမရှိပဲ စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်အဖြစ်သာ လုပ်ဆောင်နေမှုကြောင်း တော်လှန်ရေး အင်အားစုများနှင့် ပြည်သူအများအပြားက ယူဆနေကြပြီး မြို့ပြပြောက်ကြားအဖွဲ့များမှ အဆိုပါ ကောက်ခံပေးသည့် အဖွဲ့များအား သတိပေးဖောက်ခွဲမှုများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ လုပ်ဆောင်နေတာပဲ ဖြစ်သည်။

ထိုသို့ လူဦးရေစာရင်း ကောက်ယူနေသည့် အဖွဲ့များနှင့် လူများ တိုက်ခိုက်ခံနေရမှုကြောင့် စစ်ကောင်စီ၏ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်များအနေဖြင့် လူဦးရေ စာရင်းကောက်ယူရာတွင် လိုက်ပါ ဆောင်ရွက်ရမည်ကို ကြောက်ရွံ့နေကြတာပဲ ဖြစ်သည်။

“အရင်ကဆို ရုံးသွားပြီး အလုပ်လုပ်တာက အေးဆေးပဲ အခုကကျ တော်တော်တောင် အပြင်မထွက်ရဲဘူး စာရင်းကောက်တဲ့သူတွေလဲ ပစ်ခံနေရတော့ ကြောက်လာတယ် ဒါတွေကို မလုပ်ပဲငြင်းရင်လဲ မိသားစုအတွက် ငဲ့နေရတော့ ကြောက်လဲလုပ်နေရတာပဲ”ဟု ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်တစ်ခုမှ ရာအိမ်မှူးတစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် လူဦးရေစာရင်း ကောက်ယူမှုများကို ယခုလ ဇန်နဝါရီလ ၉ ရက်နေ့မှစတင်ကာ ၃၁ ရက်နေ့အထိ လုပ်ဆောင်မှာဖြစ်ပြီး ထိုသို့ကောက်ခံနိုင်ရန် အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ကာ အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများ ၊ပညာရေးဝန်ထမ်းများနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များအား သင်တန်းပေးမှုများ လုပ်ဆောင်နေခဲ့တာဖြစ်ပြီး လူဦးရေစာရင်းကောက်ခံရာတွင်လည်း မဖြစ်မနေမဲပေးကြဖို့ ခြိမ်းခြောက် ပြောဆိုမှုများလည်း ရှိခဲ့သည်။

ထိုသို့ စစ်ကောင်စီမှ လူစာရင်းကောက်ယူမှုများအပေါ် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ ပူးပေါင်းပါဝင်ခြင်း မပြုကြဖို့ကိုလည်း တော်လှန်ရေး အင်အားစုများမှ တိုက်တွန်းထားပြီး စစ်ကောင်စီ၏ လူစာရင်းကောက်ယူမှုအား ပါဝင်ကောက်ခံပေးသူများအား အရေးယူမည်ဖြစ်ကြောင်းလည်း အမျိုးသားညီညွှတ်ရေးအစိုးရNUG၏ ပြည်ထဲရေးဝန်ကြီးဌာနမှလည်း ထုတ်ပြန်ထားပါသေးသည်။။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #လူဦးရေစာရင်း