လူသောမြို့နယ်ရှိ စစ်ကောင်စီ ခြေကုပ်စခန်း တစ်ခုကို KNLA ၀င်ရောက်တိုက်ခိုက်

Author လင်းခိုင်
Categories
Published on Dec 14, 2022

 

KNLA တပ်မဟာထိန်းချုပ်နယ်မြေ၊ လူသောမြို့နယ်ရှိ စစ်ကောင်စီ ခြေကုပ်စခန်း တစ်ခုကို ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း မူတြော်သတင်းစဉ်က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

KNU လက်အောက်ခံ KNLA တပ်မဟာ ၅ တပ်ဖွဲ့၀င်များသည် လူသောမြို့နယ်၊ လယ်မူပလောကျေးရွာ အုပ်စုအတွင်း အခြေချနေသည့် စစ်ကောင်စီ ထော်မူပလယ်မဲ အခြေကုပ်စခန်းကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း ၀င်ရောက်တိုက်ခိုက်ခဲ့ကာ တဲ နှစ်လုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဒီဇင်ဘာ ၁၂ ရက် နံနက် ၈ နာရီ ၂၅ မိနစ်တွင်လည်း ဒွယ်လိုးမြို့နယ်၊ ဘော့လူတောင်ခြေ၊ ဘီးလင်းချောင်းကမ်းနံဘေးတွင် စစ်ကောင်စီနှင့် KNLA တို့ထိတွေ့တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် ဒီဇင်ဘာ ၁၁ ရက် နံနက် ၉နာရီ ၂၂ မိနစ်တွင်လည်း ဖာပွန်-ကမမောင်းကားလမ်းလုံခြုံရေး တာ၀န်ယူထားသည့် စစ်ကောင်စီများကို KNLA က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရှိရကြောင်း ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး ဒီဇင်ဘာ ၁၀ ရက် ည ၆နာရီ မိနစ် ၅၀ အချိန်တွင် စစ်ကောင်စီ၏ တောင်သုံးလုံးအခြေစိုက် စခန်းမှ လက်နက်ကြီးကျည် ၄ လုံးပစ်ခတ်မှုကြောင့် ကပီခီးကျေရွာနှင့် ဖွေးထော်ရူရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံများအထိအခိုက်မရှိခဲ့ကြောင်း မူတြော်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၀ ရက် ည ၈နာရီ ၄၅ မိနစ်တွင် တွင်လည်း ဆယ်စွအခြေစိုက် စစ်ကောင်စီစခန်းမှ ဆင်ဆွယ်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် နှစ်လုံး၊ ကပီခီးကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် နှစ်လုံးပစ်ခတ်ခဲ့သည့်အပြင် မထောအခြေစိုက် စစ်ကောင်စီစခန်းမှလည်း ဘလယ်ပယ်ရွာသားများ၏ လုပ်ငန်းခွင်အတွင်းသို့ လက်နက်ကြီးကျည် နှစ်လုံးပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

KNLA တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်များသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆတ်မပြတ်ကျူးလွန်နေသည့်အတွက် KNLA တပ်ဖွဲ့၀င်များနှင့် စစ်ကောင်စီတပ်များ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ဓာတ်ပုံ-မူတြော်သတင်းစဉ်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #KNLA #လူသော