လူသေဆုံးမှုများခဲ့တဲ့ မင်းကင်းရွှေမျောလုပ်ငန်းခွင်ကို စစ်အုပ်စုက လေကြောင်းကနေ ထပ်မံ တိုက်ခိုက်

Author CJ Platform
Categories
Published on Mar 19, 2026

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်းက ရွှေတူးဖော်ရာနေရာကို စစ်အုပ်စုက မနေ့ မတ် ၁၈ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မျောလုပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မင်းကင်းမြို့နယ်က မြောက်ချွန်းကျေးရွာအနီးက ရွှေတူးဖော်ရာနေရာကို စစ်အုပ်စုရဲ့ တံတားဦးတက် ဂျက်ဖိုက်တာ ၁ စီးနဲ့ မနေ့က ညနေ ၂ နာရီဝန်းကျင်ခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

“လေယာဉ်ကနေ မီးရောင်ကြီးတွေ မြင်လိုက်တာပဲ၊ ၃ ကြိမ်လောက်ရှိမယ် လာကြဲသွားတာ၊ ၆ ထွက်ပိုက် ထိခိုက်ပြီး လူအသေအပျောက်တွေ ရှိတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မျောလုပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး ဒီကနေ့ မတ် ၁၉ ရက်မှာလည်း လေကြောင်းအသွားအလာတွေ ရှိနေတာကြောင့် သတိပြုနေထိုင်နေရတယ်လို့ သိရပါတယ်။

 

“လုပ်ငန်းတွေကတော့ မနေ့က လေကြောင်းတိုက်ပြီးကတည်းက အခုထိ ရပ်ထားတယ်၊ ဒီနေ့မနက်လည်း လေယာဉ်ဝဲသွားတယ်လေ” လို့ မြောက်ချွန်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာအနီးက အဲဒီရွှေမျောနေရာတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်ကလည်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် နိုဝင်ဘာ ၂၂ ရက်နဲ့ ၂၇ ရက်တွေမှာ လောင်းပြည့်ကျေးရွာအနီးက ရွှေမျောတွေကို ဗုံးကြဲခဲ့လို့ သေဆုံးသူ ၂၀ ခန့် ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – ပေးပို့

ပုံစာ – ရွှေမျောလုပ်ငန်းခွင်များကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်သည့် မြင်ကွင်း (ပုံဟောင်း)