လူသုံးဦး သေဆုံးခဲ့သည့် အောင်မင်္ဂလာ အဝေးပြေးကားဝင်း မီးလောင်မှုမှာ Safeguard အပူလွန်ကဲရာမှ ဖြစ်ပွားခဲ့သည်ဟုဆို
လူသုံးဦး မီးလောင်သေဆုံးကာ ဆိုင်ခန်း ဆယ်ခန်းထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည့် အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်း မီးလောင်ကျွမ်းမှုမှာ Safeguard အပူလွန်ကဲရာမှာ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာနမှ ကောက်ချက်ချခဲ့ကြောင်း CJ Platform ၏ မြေပြင် သတင်းထောက်မှ သတင်းပေးပို့သည်။
ယနေ့ ဖေဖေါ်ဝါရီ ၅ရက်နေ့ မနက် ၅နာရီ ၅မိနစ်ခန့်တွင် စတင်လောင်ကျွမ်းခဲ့သည့် မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်လေးစီး၊ ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ပြီး နာရီဝက်ခန့်ကြာတွင် မီးထိန်းသိမ်းနိုင်ခဲ့ကာ နံနက် ၅နာရီ ၄၈ မိနစ်တွင် မီးငြိမ်းနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
မီးလောင်ကျွမ်းမှုကြောင့် ရွှေလင်းယုန်၊ ရာဇာမင်း၊ ရွှေယုန်လေးနှင့် အောင်ကျော်ဇော ကားလက်မှတ်အရောင်းဌာနများ ဖွင့်လှစ်ထားသည့် အလျားပေ ၂၀၊ အနံ ပေ ၄၀ရှိ သွပ်မိုး၊ အုတ်ညှပ်ပျဉ်ခင်း ၂ထပ်အအဆောက်အဦ အခန်း ၅ခန်း၊ အလျား ၁၀ပေ၊ အနံ ၄၀ပေရှိ အုပ်ညှပ်ပျဉ်ခင်း ၂ထပ်အဆောက်အဦ ၂ခန်းမှာ ပျက်စီးခဲ့ပြီး ရွှေလင်းယုန်ကားလက်မှတ်အရောင်းဌာနအတွင်း ညစောင့်အိပ်နေသူ ကိုမျိုးသူရကျော် (၂၀)နှစ်၊ ကိုမျိုးမောင်မောင် (၂၀)နှစ်၊ ကိုဟန်ကြီး (၃၅)နှစ်မှာ မီးလောင် သေဆုံးခဲ့ရကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းခဲ့သည့် ရွှေလင်းယုန်လက်မှတ်အရောင်းဌာနမှာ သော့ခတ်ထားခြင်းကြောင့် မီးလောင်မှုဖြစ်စဉ်တွင် အခန်းတွင်း ပိတ်မိနေသူများမှာ ထွက်ပြေးနိုင်ခြင်း မရှိဘဲ သေဆုံးရခြင်းဖြစ်ကြောင်း၊ မီးလောင်မှုအား စစ်ဆေးနေသည့် မီးသတ်တပ်ဖွဲ့ အရာရှိတစ်ဦးမှ ရွှေလင်းယုန် လက်မှတ်အရောင်းဌာနအတွင်းရှိ Safeguard အပူလွန်ကဲရာမှ မီးလောင်ကျွမ်းသည်ဟု ကောက်ချက်ချသည်ကို ကြားသိခဲ့ရသည်ဟု CJ Platform ၏ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ထားသည်။