လူမှုရေးအသင်းအဖွဲ့များအနေဖြင့် စစ်ကောင်စီကို ဆန့်ကျင်နေသူများနှင့် အဆက်အသွယ်လုပ်ပါက ထောင်ဒဏ်ငါးနှစ်ကျခံရမည်ဟု ဥပဒေပြဌာန်း

Author ကိုပေါက်
Categories
Published on Oct 29, 2022

စစ်ကောင်စီကို ဆန့်ကျင်နေသူများနှင့် အဆက်အသွယ်ပြုလုပ်ပါက လူမှုရေးအသင်းအဖွဲ့များအားလုံး ထောင်ဒဏ်ငါးနှစ်ကျခံရနိုင်သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို မြန်မာဖက်ဆစ် စစ်တပ်မှ ယမန်နေ့ညတွင် ထုတ်ပြန်လာသည်။

အာဏာသိမ်း ဖက်ဆစ်ခေါင်းဆောင် ဆောင်မင်းအောင်လှိုင်သည် အောက်တိုဘာ ၂၈ ရက်နေ့တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအား လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့တာဖြစ်သည်။

ဖက်ဆစ်စစ်တပ်၏ အဓိကရည်ရွယ်ချက်မှာ NUG CRPHနှင့် PDF များကို ပြည်သူနှင့် အဆက်ဖြတ်ရန်နှင့် ကူညီထောက်ပံ့မှု မပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့်ထုတ်တာဖြစ်သည်ဟုရန်ကုန်မြို့ အခြေစိုက် လူမှုရေးအသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောသည်။

“အရင်အသင်းအဖွဲ့မှတ်ပုံတင်ကို ဖျက်သိမ်းပြီး အသစ်ပြဌာန်းလိုက်တာ အခုက စစ်တပ်ရဲ့ သဘောအတိုင်းရေးဆွဲထားတာ ပြောရရင် ပရဟိတအသင်းတွေကို သူ့ဘက် ပါအောင်လုပ်တာ အခြေအနေအရပဲ ကျနော်တို့တောင်မှတ်ပုံတင်ဖို့”ဟု ပြောသည်။

အသင်းအဖွဲ့ဟုဆိုရာတွင် ပြည်တွင်းအသင်းအဖွဲ့နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့ကို ဆိုလိုပြီး နိူင်ငံရေးပါတီများ နိူင်ငံရေးနှင့် ဆက်ဆိုင်သောအဖွဲ့အစည်းများနှ င့်ပတ်သက်ခြင်းမပြုရ ဟုကန့်သတ်ထားသည်။

ဖက်ဆစ်စစ်တပ်က မှတ်ပုံတင်လက်မှတ်ထုတ်ပေးသည့် မည်သည့်အသင်းအဖွဲ့မဆို နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်သည့်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ် များ၊ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ မတရားအသင်းနှင့် ယင်း
မတရားအသင်း၏ အဖွဲ့ဝင်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ် ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း မပြုလုပ်ရန် ဥပဒေတွင် ထည့်သွင်းဖော်ပြထားသည်။

“ကိုယ့်ကိုလာလှူတဲ့သူကို ခင်ဗျားက PDF လား NUG ထောက်ခံသူလား CRPH ကလားလို့ ရဲစစ်သလိုစစ်ပြီး ကျနော်တို့က မေးရမှာလား အခုဥပဒေက ဘယ် လိုမှ အဆင်မပြေဘူး၊ ကျွန်တော်တို့ ကူညီဆောင်ရွက် တာတွေကို တော်လှန်ရေးသတင်းဌာနတွေက ကူးယူဖော်ပြရင်တောင်မှ ပြသနာရှာလို့ရနေတယ်၊ ပရဟိတလဲလုပ်သေးတယ် ထောင်ကလည်းကျအုံးမယ်”ဟု ပရဟိတအလုပ်ကိုလုပ်ကိုင်နေသူတစ်ဦးက CJ Platform ကို ပြောသည်။

ဖက်ဆစ်စစ်တပ်မှ တားမြစ်ချက်သည့် အချက်များကို ပရဟိတအသင်းအဖွဲ့များက မလိုက်နာပါက အသင်းအဖွဲ့၏ တာဝန်ရှိသူကို (၅)နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျယ်သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ထို့အပြင် ဖက်ဆစ်စစ်တပ်က ပြစ်မှုကျူးလွန်သည့် အသင်းအဖွဲ့ကို ဖျက်သိမ်းပြီး အသင်းအဖွဲ့ပိုင်ငွေကြေးနှင့် ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဟု သိရသည်။

အာဏာသိမ်း ဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၁၄ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့သော အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲခဲ့တာဖြစ် သည်။