လူမျိုးစုအရေအတွက် မည်သို့ပင်များပြားနေပါစေ လွတ်လပ်မှုမရှိလျှင် အစေခံမျှသာဖြစ်ကြောင်း KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြပြောကြား

Author လင်းခိုင်
Categories
Published on Dec 13, 2022

 

လူမျိုးစုအရေအတွက် မည်သို့ပင်များပြားနေပါစေ လွတ်လပ်မှုမရှိလျှင် အစေခံမျှသာဖြစ်ကြောင်း ကော်သူလေးတပ်မတော်(KTLA) စစ်ဦးစီးချုပ် စောနယ်ဒါးမြက ဒီဇင်ဘာ ၂၂ ရက်တွင် ကျရောက်မည့် ၂၇၆၂ ခုနှစ် ကရင်နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။

ကရင်နှစ်သစ်ကူးနေ့သည့် ကရင်လူမျိုးများအတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး ရှေးယခင်ဘိုးဘွားများ လက်ထက်ကတည်းကပင် ကမ္ဘာက အသိအမှတ်ပြုသည့် ကရင်နှစ်သစ်ကူးနေ့ တစ်နေ့ဖြစ်ကြောင်း၊ နိုင်ငံတကာ လူမျိုးစုတစုအနေဖြင့် အသိအမှတ်ပြုထားသကဲ့သို့ ကရင်လူမျိုးများသည် ကိုယ်ပိုင်အုပ်ချုပ်ရေးရှိခြင်း၊ လူမျိုးစုရွေးချယ်ထားသော ခေါင်းဆောင်ရှိခြင်း၊ ကရင့် လက်နက်ကိုင် စစ်သားများရှိခြင်းနှင့် ကရင်ပြည်သူလူထုများ ရှိကြောင်း မိန့်ခွန်းတွင် ဖော်ပြထားသည်။

သို့သော် လူမျိုးစုအရေအတွက် မည်သို့ပင်များပါသော်လည်း လွတ်လပ်ခြင်းမရှိလျှင် အစေခံမျှသာဖြစ်ကြောင်း၊ ထို့ကြောင့် ရှေးဘိုးဘွားလက်ထက်ကတည်းကပင် ကရင်လူမျိုးများကို လူမျိုးစုတစုအဖြစ် အသိအမှတ်ပြုခြင်းကို နည်းလမ်းပေါင်းများစွာဖြင့် ကြိုးစားခဲ့သော်လည်း ယနေ့တိုင် လွတ်လပ် ပြည့်စုံခြင်းမရှိသေးကြောင်း၊ ကရင်လူမျိုးများအား ဖိနှိပ်ချုပ်ချယ်သတ်ဖြတ်မှုများကိုလည်း နည်းလမ်းပေါင်းများစွာဖြင့် မတရားနှိပ်စက်မှုများကြောင့် ကျွန်ုပ်တို့ စည်းစည်းလုံးလုံးနှင့် အတူတကွ လက်တွဲကာ ကရင်ပြည်သူများ လွတ်လပ်မှုရှိအောင် ကြိုးစားလုပ်ဆောင်ရမည်ဟု စောနယ်ဒါးမြက ပြောကြားသည်။

လွတ်လပ်ခြင်းနှင့် အနိုင်ရရှိခြင်းကို ကျွန်ုပ်တို့မှ မလုပ်ဆောင်လျှင် မည်သူ တစ်ဦးတယောက်မျှ မလုပ်ဆောင်ကြောင်း၊ ကရင်လူမျိုးများ၏ အခက်အခဲသည် ကျွန်ုပ်တို့အားလုံး၏ အခက်အခဲဖြစ်ကြောင်း၊ အတူတကွ ပြန်လည်ပေါင်းစည်းပြီး ရဲရဲရင့်ရင့် သတ္တိရှိရှိဖြင့် ကရင်လူမျိုးတို့၏ လွတ်လပ်မှုအတွက် လုပ်ဆောင်ရမည်ဟု စောနယ်ဒါးမြ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

ထို့ကြောင့် ကရင်လူမျိုးလွတ်လပ်မှုကို အမြန်ဆုံးရရှိစေရန် အခြားသော တိုင်းရင်းသား လူမျိုးစုများနှင့် အတူတကွ လက်တွဲကာ ရည်မှန်းချက်ပန်းတိုင် ဦးတည်ချက်တူညီသူများနှင့် ပေါင်းစည်းပြီး ရန်သူများကို တိုက်ထုတ်ရမည်ဖြစ်ကြောင်း၊ ကရင့်ခေါင်းဆောင် ဗိုလ်မှူးကြီး စောဘိုမြ ပြောကြားခဲ့သည့် “လွတ်လပ်ခြင်းသည် တိုက်ရဲသော သူများအတွက်သာ” ဖြစ်သည်ဟု စောနယ်ဒါးမြက ဆိုသည်။

ယခုကာလသည် ကရင်နှစ်သစ်ကူးသည့် ကရင်လူမျိုးများအတွက် ပျော်ရွှင်၀မ်းမြောက်ခြင်းနှင့် ပြည့်စုံသော နှစ်သစ်ကူးအချိန်ဖြစ်ပြီး ကျွန်ုပ်တို့ ကရင်လူမျိုးများ၏ လိုအပ်ချက်ဖြစ်သော အောင်မြင်မှုများကို ရရှိနိုင်မည့် နှစ်သစ်ခုဖြစ်စေရန် ဆုမွန်ကောင်းတောင်းသည်ဟု စောနယ်ဒါးမြ၏ မိန့်ခွန်းတွင် ရေးသားထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စောနယ်ဒါးမြ