လူတစ်စုမှ ဆိုင်ကယ်စီးလာသူနှစ်ဦးအား ဓါးဖြင့်တိုက်ခိုက်၍ ဆိုင်ကယ်လုရန် ကြိုးစားသော်လည်း ပတ်ဝန်းကျင်မှ သိရှိသွား၍ ထွက်ပြေးရ

Author မေ
Categories
Published on Dec 19, 2022

မန္တလေးမြို့၌ ဆိုင်ကယ်နှစ်စီးဖြင့် လူခြောက်ဦးက ဆိုင်ကယ်စီးလာသူ နှစ်ဦးအား ဓါးဖြင့်တိုက်ခိုက်ကာ ဆိုင်ကယ်လုရန် ကြိုးစားသော်လည်း ပတ်ဝန်းကျင်မှ သိရှိသွား၍ ထွက်ပြေးသွားကြောင်း သိရသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၈ရက်) ည ၈နာရီခွဲအချိန်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၉၁လမ်း၊ ၄၁လမ်းနှင့် ၄၂လမ်းကြား၊ ဧသုခ ရပ်ကွက်၌ ဆိုင်ကယ်တစ်စီးကို စီးနင်းလာသော အမျိုးသားနှစ်ဦး အနောက်သို့ ဆိုင်ကယ်နှစ်ဦးဖြင့် လူခြောက်ဦးက လိုက်လာကာ ဆိုင်ကယ်ကို ရပ်တန့်ခိုင်းခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်အား ရပ်တန့်ပေးစဉ်တွင် ဓါးကိုင်ဆောင်ထားသည့် လူမှ ဆိုင်ကယ်မောင်းနှင်သူအား အသင့်ယူဆောင်လာသော ဓါးဖြင့် လှမ်းခုတ်ခဲ့ကြောင်း သိရသည်။ ထိုစဉ် ပတ်ဝန်းကျင်၌ ရှိနေသူများက သိရှိသွားရာ လုယက်ရန် ကြိုးစားသူ လူတစ်စုက ဓါးအား ပြစ်ချခဲ့ပြီးနောက် ၎င်းတို့ စီးနင်းလာသော ဆိုင်ကယ်အား မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

“ဆိုင်ကယ်လုဖို့ အနောက်က လိုက်လာတာ။ အနီးလည်းရောက်ရော ဆိုက်ကယ်ရပ်ပေးလိုက်ချိန် ဓါးနဲ့ခုတ်တာ။ ပတ်ဝန်းကျင်က လူတွေလှမ်းမြင်လိုက်လို့ ထွက်ပြေးသွားတာ။ ဓါးခုတ်ခံရသူက လက်မောင်းမှာ ပြတ်ရှဒဏ်ရာ၊ နောက်ကြောပြတ်ရှ ဒဏ်ရာတွေ ရသွားပါတယ်။ ဆိုင်ကယ်တော့ ပါမသွားပါဘူး” ဟု ကူညီပေးခဲ့သော မဟာလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဓါးခုတ်ဒဏ်ရာရရှိသူအား ဆေးကုသမှုခံယူရန် မန္တလေးမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့၍ ရန်ကုန်၊ မန္တလေး အပါဝင် နိုင်ငံတစ်ဝန်း၌ လုယက်မှု ၊ သတ်ဖြတ်မှုများ ပေါများလာကာ ဖြစ်စဉ်အများစု၌ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးနိုင်ခြင်း မရှိပေ။
ဓာတ်ပုံ- မဟာလူမှုကူညီရေးအဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မန္တလေးမြို့ #လုယက်မှု