လူစည်ကားသည့် ရန်ကုန်မြို့လယ် ၂၆လမ်း၌ လူသုံးဦးမှ ဆိုင်ရှင်အား ဓါးဖြင့်ထိုး၍ ငွေနှင့် ယာဉ်အား ယူဆောင်သွား

Author မေ
Categories
Published on Nov 03, 2022

လူစည်ကားသည့် ရန်ကုန်မြို့လယ် ၂၆လမ်း၌ နိုဝင်ဘာ ၂ရက် ညပိုင်းက ဆိုင်တစ်ဆိုင်အတွင်းသို့ လူသုံးဦး ဝင်ရောက်လာကာ ဆိုင်ရှင်အမျိုးသားနှင့် ၎င်းနှင့်အတူ ဆိုင်အတွင်းထိုင်နေသော အခြား အမျိုးသားတစ်ဦးတို့ကို ဓါးဖြင့်ထိုးကာ အနုကြမ်းစီးပြီး ငွေနှင့် မော်တော်ယာဉ်အား ယူဆောင်သွားမှု ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၂ရက်နေ့ ညနေ ၆နာရီခွဲ ဝန်းကျင်က ပန်းဘဲတန်းမြို့နယ်၊ ၂၆လမ်းနှင့် ကုန်သည်လမ်းပေါ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းချသည့် ဆိုင်တစ်ဆိုင်အတွင်း၌ ဆိုင်ရှင်ဟု ယူဆရသူ အမျိုးသားနှင့် အခြားအမျိုးသားတစ်ဦးတို့အား လူသုံးဦးမှ ဓါးဖြင့် တိုက်ခိုက်ကာ ငွေများ လုယက်နေသည့် CCTV မှတ်တမ်းမှာ လူမှုကွန်ယက် သုံးစွဲသူများ အကြား ပျံ့နှံ့ခဲ့သည်။ အဆိုပါ ဗီဒီယိုဖိုင်အတွင်း ဆိုင်ရှင်ဟု ယူဆရသူ အမျိုးသားတစ်ဦးမှာ ဆိုင်ကောင်တာ၌ စာရင်းလုပ်၍ အခြား အမျိုးသားတစ်ဦးနှင့်အတူ ထိုင်နေကြောင်း တွေ့ရသည်။

ထိုစဉ် အသက် ၃၀ ဝန်းကျင်ခန့်ရှိသည့် လူလတ်ပိုင်းအရွယ် Mask တပ်ထားသော အမျိုးသားနှစ်ဦး ရုတ်တရတ် ဆိုင်အတွင်းဝင်လာကာ ဆိုင်ရှင်နှင့် ၎င်းနှင့် အတူ ဆိုင်အတွင်း ထိုင်နေသော အမျိုးသားတို့အား ဓါးဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဆိုင်အပြင်မှ အသင့်စောင့်ဆိုင်းနေသည့် ပုံသဏ္ဍာန်ရှိသော နောက်ထပ် လုယက်သူ အမျိုးသားတစ်ဦးပါ ဆိုင်အတွင်း ဝင်ရောက်လာကာ သုံးဦး ပူးပေါင်းပြီး ဓါးဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သည်။

ဆိုင်ရှင်မှာ အသက်ကိုချမ်းသားပေးရန် ပြောကြားပြီးနောက် ငွေများထားရှိရာ အခန်းအား လုယက်သူများအား ပြသခဲ့ရသည်။ ထို့နောက် ၎င်းလုယက်သူ သုံးဦးမှ အသင့်ယူဆောင်လာသော အိတ်များအတွင်း ငွေသားများထည့်ကာ မော်တော်ယာဉ်သော့ကိုပါ တောင်း၍ ယာဉ်ပါ လုယက်သွားကြောင်း သိရသည်။

” ဒီဗီဒီယိုဖိုင်ကို ကြည့်တောင်မကြည့်ရဲဘူး။ လုပ်သွားတာ တော်တော်ရက်စက်တယ်။ ရန်ကုန်မြို့လည်မှာတောင် ဒီလောက် အတင့်ရဲနေတာ တော်တော်ကြောက်စရာ ကောင်းတယ်”ဟု ပန်းဘဲတန်းမြို့နယ်တွင်း နေထိုင်သူ တစ်ဦးက ပြောသည်။

ထိုသို့ ဓါးဖြင့် ထိုးကာ အနုကြမ်းစီး လုယက်မှုကြောင့် ဆိုင်ရှင်နှင့် အခြားအမျိုးသားတစ်ဦးတို့ ဓါးဒဏ်ရာများရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရမှုတော့ မရှိကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် ဆိုင်အတွင်းရှိ ငွေကျပ် သိန်း ၁၅၀နီးပါးနှင့် မော်တော်ယာဉ်တစ်စီးအား ယူဆောင်သွားသည်ဟု သိရသည်။

ရန်ကုန်မြို့၌ လူသတ်၍ ပစ္စည်းလုယက်မှုများ များစွာဖြစ်ပေါ်နေကာ ယင်းမှုခင်းဖြစ်စဉ်များက စစ်ကောင်စီ၏ တရားဥပဒေစိုးမိုးမှုအပေါ် လှောင်ပြောင်လျက်ရှိနေသည်။ ပြီးခဲ့သည့် ရက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ နေအိမ်တစ်အိမ်၌ အမျိုးသားစာပေဆုရ၊ ရူပဗေဒသဘောတရားရေးရာ စာပေများစွာရေးသားခဲ့သော ဆရာတက္ကသိုလ်ကြယ်ပွင့်နှင့် ၎င်း၏ ဇနီးတို့ နေအိမ်၌ လုယက်ခံရပြီး ဓါးဒဏ်ရာများဖြင့် သေဆုံးမှုဖြစ်ပွားခဲ့သည်။