လူငယ်များ တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်ရန်အတွက် စာရင်းပေးသွင်းမှုများလာချိန် စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်း

Author လဂွန်းအိမ်
Categories
Published on Feb 14, 2024

စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား တော်လှန်ရေးတပ်ဖွဲ့များထံတွင် ဝင်ရောက်ရန် စာရင်းပေးသွင်းမှုများ‌ များပြားလာချိန်တွင် စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းကြောင်း ဖေဖေါ်ဝါရီ ၁၃ရက်နေ့တွင် ကြေညာခဲ့သည်။

 

နိုင်ငံနှင့်တစ်ဝန်း လှုပ်ခက်မှုဖြစ်စေခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ EAOs များထံသို့ တပ်သားသစ်အဖြစ် ပါဝင်ရန် စာရင်းပေးနေကြပြီး စစ်ကောင်စီကမူ ယင်းဥပဒေအား စတင် အသက်ဝင်ပြီဖြစ်ကြောင်း ကြေညာခဲ့ကာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စတင်ဖွဲ့စည်းလာခဲ့ပြီ ဖြစ်သည်။

 

တော်လှန်ရေးတပ်ဖွဲ့များမှလည်း စစ်ကောင်စီ၏ ယင်းဥပဒေ အသက်သွင်းလာချိန်နှင့်အတူ အချိန်ကိုက်လှုပ်ရှားမှုများ ပြုလုပ်လာခဲ့ပြီး တပ်ဖွဲ့ဝင်အသစ်များခေါ်ယူလာခဲ့ရာ နေ့စဉ်နှင့်အမျှ ထောင်ချီ စာရင်းပေးသွင်းနေကြကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

CJ Platform မှ တပ်ဖွဲ့ဝင်အသစ်များ ခေါ်ယူနေသည့် တော်လှန်ရေးအင်အားစုများအား ဆက်သွယ်မေးမြန်းရာတွင် ရန်ကုန်တိုင်းစစ်ဌာနက ရဲဘော်အသစ်များအား တင်းတင်းကြပ်ကြပ် စိစစ်ရွေးချယ်နေပြီး ယင်းအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး၊ MDY PDF ကမူ ပြည်သူများနှင့်အတူ အခက်အခဲများအား ရင်ဆိုင်ကျော်ဖြတ်နေသည် ဖြစ်သဖြင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး လူငယ်ရဲဘော်အသစ်များအား နွေးထွေးစွာ ကြိုဆိုလျက်ရှိကြောင်း ဆိုသည်။

 

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဒုတိယဝန်ကြီးချုပ်နှင့်  ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်၍ အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

 

ယင်းပြည်သူ့စစ်မှုထမ်းဥပဒေကို လာမည့် ဧပြီလ ရုံးပိတ်ရက်အပြီးတွင် စတင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ BBC သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုထားသည်။

 

စစ်ကောင်စီမှ ယခုကဲ့သို့ စစ်မှုထမ်းဥပဒေကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်ထည်ဖော်လာသည်နှင့် အမျှ တော်လှန်ရေးအင်အားစုများမှလည်း တပ်ဖွဲ့ဝင်သစ်များ ခေါ်ယူသည့် ကြေညာချက်များ အသီးသီးထုတ်ပြန်ကာ ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

 

တပ်သားသစ် ခေါ်ယူမည့်အင်အားနှင့် မည်သည့်တပ်ရင်းတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရမည်ဆိုသည်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန NUG MOD ၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်းတိုင်းစစ်ဌာန တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။

 

“ပြည်သူလူထု လက်ခံထားရမှာက မတရားမှုက ကိုယ့်အိမ်တံခါးဝကို ရောက်လာပြီ ဆိုတာပါပဲ၊ ပြန်တိုက်ကြရပါမယ်၊ ကျွန်တော်တို့နဲ့ လက်တွဲပါ၊ ကူညီပါ၊ အနိုင်ရသည်အထိ စည်းစည်းလုံးလုံးနဲ့ တိုက်ထုတ်သွားကြပါမယ်” ဟု ရန်ကုန်းတိုင်းစစ်ဌာန တာဝန်ရှိသူတစ်ဦးမှ CJ Platform ကို ပြောသည်။

 

ထို့အပြင် MDY PDF ကလည်း လက်ရှိတော်လှန်ရေးအင်အားစုများ အနေဖြင့် လွန်ခဲ့သည့် သုံးနှစ်က အနေအထားမျိုးမဟုတ်တော့ပဲ နယ်မြေစိုးမိုး ကျယ်ပြန့်လာပြီး လက်နတ်တပ်ဆင်မူ အားကောင်းလာကာ စစ်စည်းကမ်းကောင်းမွန်မူ ကျင့်ဝတ်လိုက်နာမှု တိုက်ရည်ခိုက်ရည် အားကောင်းလာသည့်အတွက် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနိုင်သည့် အနေအထားမျိုးရှိ နေပြီဖြစ်ကြောင်းဆိုသည်။

 

“ကျွန်တော်တို့နဲ့ လက်တွဲတာဝန်ထမ်းဆောင်ချင်တယ် တိုက်ပွဲဝင်ချင်တယ်ဆိုလည်း ကျွန်တော်တို့က ကြိုဆိုပါတယ်။ အယောက်စီတိုင်း လူငယ်တိုင်းကို လက်ခံပြီးတော့ နေရာပေးနိုင်မဲ့ အနေအထားမျိုးလည်း ပြင်ဆင်ထားပါတယ်။ ဒါလေးကိုတော့ ကျွန်တော် လူငယ်တွေကို သတင်းစကား ပါးချင်ပါတယ်ဗျ” ဟု MDY PDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကို Osmond မှ CJ Platform ကို ပြောသည်။

 

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် သားသည်မိခင်များ ရတက်မအေးရသည့် အခြေအနေများ ကြုံတွေ့နေကြရပြီး စစ်ကောင်စီ၏ လက်အောက်သို့ ဝင်ရောက်ခြင်းထက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ ဝင်ရောက်စေရန်သာ တိုက်တွန်းသွားမည်ဟု မိခင်အချို့ကလည်း ဆိုသည်။

 

“အဲ့ဒါကြီးကြေညာပြီးထဲက ညတိုင်းအိပ်မရဘူး အိမ်မှာက အမျိုးသားဆုံးပြီးထဲက အစ်မနဲ့အစ်မသား နှစ်ယောက်ပဲရှိတာ ဘယ်လိုလုပ်ရမှန်းကိုမသိဘူး မနေ့ကတင် လမ်းထဲကို ဘယ်အိမ်မှာ ဘယ်နှယောက်ရှိတယ်ဆိုတာ စာရင်းလာကောက်သွားတယ် သူ(သားဖြစ်သူ)က မနှစ်ကထဲက PDF ထဲသွားမယ်ပြောတာ အစ်မက မလွှတ်ခဲ့ဘူး အခု မဖြစ်မနေဖြစ်လာပြီဆိုတော့ သူ့ဆန္ဒအတိုင်း လိုက်ရောလိုက်မယ် လုပ်ရမယ့်အတူတူ ဂုဏ်သိက္ခာရှိတဲ့ အလုပ်ကိုပဲ လုပ်ခိုင်းရမှာပေါ့”ဟု မအူပင်မြို့နယ်နေ အသက် ၅၀ကျော်အရွယ် မိခင်တစ်ဦးက ပြောသည်။

 

စစ်ကောင်စီသည် နိုင်ငံအတွင်း စစ်မျက်နှာများစွာဖွင့်ထားရပြီး မြို့များ စခန်းကြီးငယ်များ လက်လွှတ်ရသည့် အပြင် စစ်သည်အင်အား နည်းပါးလာသဖြင့် ယခုကဲ့သို့ ဆောက်ရွက်ရခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများမှဆိုထားပြီး စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များအကြား ရွေးချယ်ရာတွင် လူငယ်အများစုသည် တော်လှန်ရေးအင်အားစုများထံတွင် တာဝန်ထမ်းဆောင် လိုလျက်ရှိကြောင်း တွေ့မြင်ရသည်။

 

ဓာတ်ပုံ – ရန်ကုန်တိုင်းစစ်ဌာန