လူငယ်များအပေါ် သေဒဏ်ချမှတ်သည့် စစ်အုပ်စု ပြိုကျပျက်သုဉ်းရေးအတွက် နည်းမျိုးစုံဖြင့် တိုက်ပွဲ၀င်ရန် တပ်လှန့်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂတိုက်တွန်း

Author လင်းခိုင်
Categories
Published on Dec 02, 2022

လူငယ်များအပေါ် သေဒဏ်ချမှတ်သည့် စစ်အုပ်စု ပြိုကျပျက်သုဉ်းရေးအတွက် နည်းမျိုးစုံဖြင့် တိုက်ပွဲ၀င်ရန် တပ်လှန့်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီဇင်ဘာ ၁ရက်တွင် ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်အုပ်စုသည် ဒဂုံတက္ကသိုလ်ကျောင်းသားများဖြစ်သော ကိုခန့်ဇင်၀င်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်တို့ကို နို၀င်ဘာ ၃၀ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း၊ အဆိုပါ ကျောင်းသား ၇ ဦးကို ၂၀၂၂ ခုနှစ် ဧပြီလတွင် ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ရတနာဘဏ်ဖြစ်စဉ်နှင့် ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခဲ့ပြီးနောက် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများကို သေဒဏ်ချမှတ်ခြင်းသည် စစ်အုပ်စုက ယင်းတို့ကို ဆန့်ကျင်သူမှန်သမျှ အလုံးစုံပျက်သုဉ်းသည်အထိ ကလဲ့စားချေလိုသည့် လုပ်ရပ်ဖြစ်ကြောင်း၊ သေဒဏ်ချမှတ်ခြင်းလုပ်ရပ်သည့် လူ့အခွင့်အရေးနှင့် လူသားတစ်ဦး၏ အသက်ရှင်နေထိုင်ခွင့်အပေါ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့် အကြမ်းဖက်ကျူးလွန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီသည် တိုင်းပြည်အာဏာသိမ်းပြီးနောက် တိုင်းပြည်၏ တရားရုံး၊ တရားခွင်များနှင့် ဥပဒေစနစ်တစ်ခုလုံး ပြိုကျနေသည့် စိုးရိမ်ဖါ် အခြေအနေကိုလည်း ကျောင်းသားများအပေါ် သေဒဏ်အမိန့်ချမှတ်လိုက်ခြင်းက မီးမောင်းထိုးပြနေသည်ဟု ဆိုသည်။

စစ်ကောင်စီသည် အကြမ်းဖက် အဖွဲ့သာဖြစ်သဖြင့် ယင်းအဖွဲ့ကချမှတ်သည့် တရားစီရင်ရေး အမိန့်များသည် တရား၀င်မှုမရှိကြောင်း၊ ကျောင်းသားများအပေါ် သေဒဏ်ချမှတ်ရာတွင် ပါ၀င်ပတ်သတ်ခဲ့သည့် ရဲ၊ အကျဉ်းဦးစီး နှင့် တရားရေးဌာနမှ စစ်ကောင်စီလက်အောက်ခံအားလုံး တာ၀န်ယူ၊ တာ၀န်ခံမှု ရှိစေရေး ဆက်လက်ဆောင်ရွက်မည်ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

ထို့ကြောင့် လူ့အခွင့်အရေးကို တန်ဖိုးထားသည့် နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများအနေဖြင့် ကျောင်းသားများနှင့် ပြည်သူများအပေါ် သေဒဏ်ချမှတ်နေသည့် စစ်ကောင်စီ လုပ်ရပ်ကို နည်းလမ်းပေါင်းစုံဖြင့် တားဆီးပေးရန်နှင့် အရေးယူပေးရန် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက တောင်းဆိုထားသည်။

ပြည်သူများအနေဖြင့်လည်း ကျောင်းသားလူငယ်များအပေါ် သေဒဏ်ချမှတ်ထားသည့် အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံး ပြိုကျပျက်သုဉ်းရေးအတွက် တိုက်ပွဲနည်းနာမျိုးစုံအသုံးပြုကာ တစ်ဦးတစ်ယောက်ချင်းစီကစပြီး အစွမ်းကုန် တော်လှန်တိုက်ပွဲ၀င်ခြင်းဖြင့် လက်တုံ့ပြန်ရန် တပ်လှန့်ကြောင်း ထုတ်ပြန်ထားသည်။