“လူငယ်တွေဟာ ဂန်းသေးတွေနဲ့ အာဏာရှင်ကို အမှတ်တမဲ့၀င်တိုက်ခိုက်နေပြီး ဂန်းငယ်တွေနဲ့ စခန်းသိမ်းလာပြီ။ ဒီအာဏာရှင်ကို အမြစ်ဖြတ်ဖို့ဆိုရင် ကျွန်တော်တို့တစ်တွေမှာ လိုအပ်တဲ့၊ ထိုက်သင့်သလောက် လက်နက်ကြီးတွေလိုအပ်တယ်။”

Author မင်းထက်
Categories
Published on Oct 04, 2023

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ဒေသက မြေပြင်စစ်ရေးအခြေအနေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လိုအပ်ချက်များ၊ စစ်ကိုင်းတိုင်းက စစ်ရေးအရေးပါပုံများအကြောင်းနှင့်ပတ်သက်ပြီး CJ Platform သတင်းဌာနမှ စစ်ကိုင်းတိုင်းအခြေစိုက် Union Liberation Force(ULF) တပ်ပေါင်းစု စစ်ရေးတာ၀န်ခံ ဗိုလ်မုတ်ဆိတ်ထံ ဆက်သွယ်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

CJ – ULF စစ်ရေးတာ၀န်ခံအနေနဲ့ အခုမြေပြင်စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါခင်ဗျာ။

ဗိုလ်မုတ်ဆိတ်- မြေပြင်စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ကျနော်တို့တွေ စစ်ကောင်စီနဲ့ အနီးဆုံးမှာပဲ ရှိနေပါတယ်။ တိုက်ပွဲဖော်ဆောင်ဖို့ ကျွန်တော်တို့မှာ လိုအပ်ချက်လေးတွေရှိနေလို့ ကင်းမထောက်သေးပါဘူး။ ကျွန်တော်တို့ လိုအပ်ချက်တွေ ပြည့်စုံပြီဆိုမှ စစ်ကောင်စီကိုထပ်ပြီး ချေမှုန်းမှာဖြစ်ပါတယ်။

CJ – စစ်ရေးဖော်ဆောင်ဖို့နဲ့ ခုခံကာကွယ်ဖို့အတွက် အခက်အခဲက ဘာတွေရှိပါသလဲ။

ဗိုလ်မုတ်ဆိတ်- အဲဒါကတော့ ကျွန်တော်တို့တစ်တွေ တိုက်ပွဲတစ်ပွဲတိုက်ဖို့အတွက်ဆို အချိန်လိုမယ်။ ပြီးတော့ တိုက်ပွဲတစ်ပွဲ အောင်မြင်ဖို့ဆို ကျွန်တော်တို့တွေ ရှေ့တန်းရောက်နေတဲ့ရဲဘော်တွေရဲ့ အခန်းကဏ္ဍတွေ၊ ဒီရဲဘော်တွေကိုပို့ဆောင်နေတဲ့ စစ်ကြောင်းမှူးရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးဆုံးဖြစ်တယ်။ နောက်ဆုံးအချက်အနေနဲ့ကတော့ ကျွန်တော်တို့ရဲဘော်တွေ စစ်ရေးမှာ ပို့ဆောင်တဲ့သူတွေ စစ်ရေးမှာ ရဲဘော်တွေရဲ့ ဗျူဟာ ဘယ်လောက်ပဲကောင်းနေနေ၊ တိုက်ခိုက်ရေးတွေ ဘယ်လောက်ပဲကောင်းနေပါစေ ကျွန်တော်တို့နောက်မှာ ထောက်ပို့မရှိရင် ကျွန်တော်တို့အောင်ပွဲရဖို့ အလှမ်းဝေးနေပါမယ်။

ကျွန်တော်တို့မှာ လက်နက်ငယ်က ထိုက်သင့်သလောက်ရှိနေပြီ။ ဒီအာဏာရှင်ကို ကျွန်တော်တို့တွေ ၂ နှစ်တာ အတောအတွင်း တိုက်ထုတ်လာတာ။ ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေပေါ့နော်။ တပ်ရင်းတပ်ဖွဲ့တွေ၊ Local တွေ၊ ပကဖတွေအားလုံးက လူငယ်တွေ အများဆုံးဖြစ်တယ်။ လူငယ်တွေဟာ ဂန်းသေးတွေနဲ့ အာဏာရှင်ကို အမှတ်တမဲ့၀င်တိုက်ခိုက်နေပြီး ဂန်းငယ်တွေနဲ့ စခန်းသိမ်းလာပြီ။ ဒီအာဏာရှင်ကို အမြစ်ဖြတ်ဖို့ဆိုရင် ကျွန်တော်တို့တစ်တွေမှာ လိုအပ်တဲ့၊ ထိုက်သင့်သလောက် လက်နက်ကြီးတွေလိုအပ်တယ်။ စစ်မော်တာတွေ၊ RPG တွေ ကျွန်တော်တို့တွေ၊ အဲဒီလို လက်နက်ကြီးတွေ ရှိရင်တော့ အာဏာရှင်ကို ကျွန်တော်တို့တစ်တွေ မနားမနေတိုက်ထုတ်နိုင်မှာဖြစ်တယ်။

ကျွန်တော်တို့ ရဲဘော်တွေ ရှေ့မှာ တိုက်စွမ်းရည်တွေ၊ စစ်ဗျူဟာတွေ ဘယ်လောက်ကောင်းနေပါစေ၊ နောက်ကထောက်ပံ့မှုက အရေးကြီးဆုံးဖြစ်တယ်။ ဒါကြောင့် ထောက်ပို့ အမြဲရှိနေရင်တော့ ကျွန်တော်တို့ နွေဦးတော်လှန်ရေးက အမြန်ဆုံးပြီးပြတ်မှာဖြစ်ပါတယ်။

CJ – စစ်ကိုင်းတိုင်းက တော်လှန်ရေးအတွက် ဘယ်လို၊ဘယ်လောက်တောင် အရေးပါပါသလဲ။

ဗိုလ်မုတ်ဆိတ်- စစ်ကိုင်းတိုင်းကတော့ ကျွန်တော်တို့ တော်လှန်ရေးမှာစပြီးတော့ အာဏာရှင်ကို အာဏာသိမ်းပြီဆိုကတည်းကစပြီး ပြည်သူတွေအားလုံးစည်းစည်းလုံးလုံး အာဏာရှင်စနစ်ကိုမကြိုက်ပါဘူးဆိုပြီး အရင်ဆုံးလက်လုပ်တူမီးတွေနဲ့ စစ်ကောင်စီကို တိုက်ထုတ်ခဲ့တာက စစ်ကိုင်းတိုင်းပါ။

ဒီစစ်ကိုင်းတိုင်းမှာ တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ စစ်ကိုင်းတိုင်းမှာ လွတ်မြောက်နယ်မြေဖြစ်လာအောင် စစ်ကောင်စီကို တိုက်ထုတ်နိုင်ပြီဆိုရင် ဒါကျန်တဲ့စစ်ကောင်စီအခြေကုပ်စခန်းတွေ၊ စစ်ကောင်စီရဲ့ အထိုင်စခန်းတွေ အားလုံး သူ့အလိုလိုကြောက်စိတ်တွေနဲ့ ပပျောက်သွားနိုင်ပါတယ်။ စစ်ကိုင်းတိုင်းဟာ ခုချိန်ထိလည်း အားလုံးက ညီညီညွတ်ညွတ်နဲ့တိုက်ပွဲတွေရော အာဏာရှင်ကို နေ့စဥ်နဲ့အမျှ ဘယ်လိုတားဆီးရမလဲ။ ဘယ်လိုဖြတ်တောက်ရမလဲဆိုတာကိုပဲ တော်လှန်ရေးရဲဘော်တွေရော၊ မိဘပြည်သူတွေကရော နေ့စဥ်နဲ့အမျှ အာဏာရှင်ကိုအမြစ်ဖြတ်ဖို့ စဥ်းစားလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအောင်ပြီဆို ကျွန်တော်တို့တော်လှန်ရေးကြီးက ၇၅ ရာခိုင်နှုန်းအောင်နေပြီလို့ ပြောလို့ရပါတယ်။

CJ – စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် ULF ရဲ့ စစ်ရေး၀န်ခံအနေနဲ့ သုံးသပ်ချက်လေးပြောပေးပါ။

ဗိုလ်မုတ်ဆိတ် – စစ်ကောင်းစီရဲ့လုပ်ရပ်အပေါ်ကိုက ကျွန်တော်တို့က နွေဦးတော်လှန်ရေးကာလမှ တော်လှန်ရေးထဲကိုထဲထဲ၀င်၀င်ပါ၀င်လုပ်ဆောင်လာကြတာဖြစ်တယ်။ ဒါပေမဲ့ ဒီနွေဦးတော်လှန်ရေးကာလမှာပဲ အရင့်အရင်နှစ်တွေက တော်လှန်ရေးပေါ်ပေါက်ခဲ့ချိန်မှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေနဲ့ ခုကျွန်တော်တို့ တော်လှန်ရေးကိုတိုက်ပွဲ၀င်နေတဲ့အချိန်မှ စကစရဲ့ လုပ်ရပ်တွေက ဘာတွေလဲဆိုတာမြင်တွေ့လာရတယ်။ စစ်ကောင်စီက သေနတ်ကိုင်ပြီး ပြည်သူကိုအကြမ်းဖက်တယ်။ သတ်ဖြတ်တယ်။ သူသည် နှစ်အတော်ကြာ သေနတ်နဲ့ အသက်ရှင်နေတာဖြစ်တယ်။ ကျွန်တော်တို့ လူငယ်တွေဟာ အခုချိန်မှာ စစ်ကောင်စီရဲ့ နှစ်ပေါင်းများစွာကိုင်ဆောင်လာတဲ့ သေနတ်တွေနဲ့ပဲ စစ်ကောင်စီကို ကျွန်တော်တို့က အမြစ်ပြတ်ချေမှုန်းနေတာဖြစ်ပါတယ်။

CJ – ULF စစ်ရေးတာ၀န်ခံကနေ ပြည်သူတွေကို ဘာများသတင်းစကားပါးချင်သေးလဲ ခင်ဗျ။

ဗိုလ်မုတ်ဆိတ် – ကျွန်တော်တို့တစ်တွေ အခု ULF စစ်ကြောင်း ကျည် ၁၀,၀၀၀ ကမ်ပိန်းလုပ်ဆောင်နေပြီဖြစ်တယ်။ ကျွန်တော်အစတုန်းက ပြောသလိုပေါ့။ ကျွန်တော်တို့ရဲဘော်တွေ၊ စစ်ကျောင်းမှူးတွေရဲ့ တိုက်ရည်ခိုက်ရည်ဗျူဟာတွေ ဘယ်လောက်ပဲကောင်းနေပါစေ၊ ကျွန်တော်တို့နောက်မှာ ထောက်ပို့မရှိနေရင် စစ်အာဏာရှင်ကို ကျွန်တော်တို့တစ်တွေ တိုက်ထုတ်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးအောင်နိုင်ဖို့ဆိုတာ မြန်မြန်ဆန်ဆန်ဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အခု ULF စစ်ကြောင်းမှာရော၊ အနယ်အနယ်အရပ်ရပ်က တော်လှန်ရေးအဖွဲ့တွေမှာရော တိုက်ပွဲဖော်ဆောင်ပြီဆို နောက်ကထောက်ပို့ဆိုတာ အင်မတန်မှ အရေးကြီးတဲ့ အခန်း ကဏ္ဍဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေ ခဲယမ်းမီးကျောက်အပြည့်ရှိနေမယ်ဆိုရင် စစ်ကောင်စီကို နေ့စဥ်နဲ့အမျှ အမြစ်ပြတ်ချေမှုန်းနိုင်မှာဖြစ်ပါတယ်။

ဒီလိုချေမှုန်းနိုင်ဖို့ မိဘပြည်သူများအနေနဲ့ ကူညီနိုင်တာထက် ပိုပြီးကူညီကြပါလို့။ ကျွန်တော်တို့တွေ အားလုံးလည်း အိမ်ပြန်ချင်နေကြပါပြီ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ အနယ်နယ်အရပ်ရပ်က တော်လှန်ရေးရဲဘော်တွေအားလုံးလည်း အိမ်ပြန်ချင်နေကြပါပြီ။ အိမ်ပြန်ချင်နေပေမယ့်လို့ အိမ်ရှိပြီး အိမ်မပြန်ရတဲ့ ပြည်သူတွေလည်းရှိနေတာမလို့ အဲဒီလိုသောကဝေနေတဲ့ ပြည်သူတွေကိုမြင်ပြီး ကျွန်တော်တို့ရဲ့ အိမ်ပြန်ချင်စိတ်ကိုမြိုသိပ်ပြီး ဘယ်လိုမှ အိမ်မပြန်ဖြစ်သေးပါဘူး။

အားလုံး မိဘပြည်သူတွေရော၊ ကျွန်တော်တို့တော်လှန်ရေး ရဲဘော်တွေရော အာဏာရှင်ကိုအမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ကျွန်တော်တို့ရဲ့နောက်က ထောက်ပို့အနေနဲ့ ခဲယမ်းမီးကျောက် လိုအပ်သည်များကို ထောက်ပို့နိုင်တာထက် ထောက်ပို့ကြပါလို့ ကျွန်တော့အနေနဲ့ မှာကြားချင်ပါတယ်။