လုံခြုံရေးကောင်စီ ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးထိန်းသိမ်းခံများ လွှတ်ပေးရန် တောင်းဆိုချက်သည် မြန်မာနိုင်ငံတည်ငြိမ်ရေးအတွက် ခြေလှမ်းတစ်ရပ်ဟု NLD ဆို

Author လင်းခိုင်
Categories
Published on Dec 24, 2022

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွင်ပါ၀င်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးထိန်းသိမ်းခံများ လွှတ်ပေးရန် တောင်းဆိုချက်သည် မြန်မာနိုင်ငံတည်ငြိမ်ရေးအတွက် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကဒီဇင်ဘာ ၂၃ ရက်ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ အား အတည်ပြုချမှတ်နိုင်ခြင်းသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့အရေးနှင့် ပတ်သက်သည့် ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်ကာ စစ်ကောင်စီကို မြန်မာပြည်သူများကိုယ်စား အရေးယူနိုင်မည့် အလားအလာများ ထုတ်ဖော်ပြသခြင်းဖြစ်သည့်အတွက် လှိုက်လဲစွာကြိုဆိုကြောင်း NLD ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆုံးဖြတ်ချက်ကို ဦးဆောင်ရေးဆွဲပြီး အတည်ပြုနိုင်ရေး ကြိုးပမ်းခဲ့သည့် ဗြိတိန်နိုင်ငံနှင့် ဝိုင်း၀န်းဆွေးနွေးခဲ့သည့် နိုင်ငံများကို ကျေးဇူးတင်ကြောင်း၊ မတရားဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအထိန်းသိမ်းခံများအား စစ်ကောင်စီမှခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုချက်သည် မြန်မာနိုင်ငံတည်ငြိမ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ခံယူကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ယခုဆုံးဖြတ်ချက်သည် စစ်ကောင်စီကို ရဲရင့်ပြတ်သားစွာ တုံ့ပြန်နေကြသည့် ပြည်သူလူထု၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုခြင်းဟု ခံယူကြောင်း၊ တရားမ၀င် အာဏာသိမ်းစစ်ကောင်စီ၏ အနိုင်ကျင့်နှိပ်စက်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုများကျူးလွန်နေခြင်းကို အပြီးတိုင်ချုပ်ငြိမ်းရန် စစ်ကောင်စီအား လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးနိုင်ရေးအတွက် နိုင်ငံတစ်ခုချင်းစီ၏ ပူးပေါင်းကြိုးပမ်းမှု မဖြစ်မနေလိုသည်ဟု NLD က ထောက်ပြထားသည်။

ထို့ပြင် အာဆီယံအဖွဲ့၏ ဘုံသဘောတူညီချက် ငါးချက်ကို အခြေခံမှုသည် ပြည့်စုံလုံလောက်မှုမရှိသော်လည်း ပြသနာများပြေလည်စေရေးလမ်းစ ဖြစ်လာနိုင်သဖြင့် နိုင်ငံတကာအသိုက်အ၀န်းအနေဖြင့် အချိန်ကာလတစ်ခုသတ်မှတ်ကာ အကောင်အထည်ဖော်ပေးရန် NLD ကတောင်းဆိုထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဒေါ်အောင်ဆန်းစုကြည် #NLD #လုံခြုံရေးကောင်စီ