လုံခြုံမှုမရှိရင် အထုပ်ပိုက် ကင်းစောင့်နေရမည်ဟု မင်းအောင်လှိုင် ပြော

Author လင်းခိုင်
Categories
Published on Nov 02, 2022

လုံခြုံမှုမရှိရင် အထုပ်ပိုက်ကင်းစောင့်နေရမည်ဟု ဖက်ဆစ်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က နို၀င်ဘာ ၁ ရက်တွင် ပြုလုပ်သည့် ယင်းစိတ်ကြိုက်ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ငွေချမ်းသာဖို့ စိတ်ချမ်းသာဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေးဖြစ်ဖို့လည်းလိုတယ်။ ဒါမှတိုင်းပြည်သာယာဝပြောမှာပေါ့၊ ဒါမှမဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့ ငွေတော့ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပီးတော့ ကင်းစောင့်ပြီးအိပ်နေရာမှာပေါ့၊ ငါ့ပစ္စည်း ဘယ်အချိန်လာလုမလဲဆိုပြီးဖြစ်နေရမှာ” ဟု မင်းအောင်လှိုင်က ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် ယင်းတို့အား မထောက်ခံသည့် သူများ၏ လယ်ယာများကို မီးရှို့ဖျက်ဆီးနေသည့် မင်းအောင်လှိုင်သည် စားနပ်ရိက္ခာ ဖူလုံရေးအတွက် ဆောင်ရွက်ရမည်ဟုလည်း အစည်းအဝေး၌ ပြောကြားထားသည်။

ထို့ပြင် တိုင်းပြည်သာယာဝပြောရေးနှင့် တရားဥပဒေစိုမိုးရေး၊ ထွက်ကုန်ပစ္စည်းများ များများလုပ်ပါက ပြည်သူလူထု၀င်ငွေရရှိပြီး ပြည်သူလူထုချမ်းသာရေး လုပ်ပေးဖို့ လိ်ုသည်ဟုလည်း ပြောထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖက်ဆစ်စစ်တပ်မှ တိုင်းပြည်အာဏာအား မတရားသိမ်းယူပြီးနောက် မြန်မာနိုင်ငံတွင် စီးပွားရေးကျဆင်းခဲ့ပြီး ၀င်ငွေ၊ ထွက်ငွေမမျှတခြင်း၊ ခိုးဆိုးလုယက်မှုများပေါများလာခြင်း၊ လယ်ယာမြေများကို စစ်တပ်မှ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ပြည်တွင်းထွက်ကုန်များပင် အဆမတန်စျေးမြင့်မလားလာပြီး ပြည်သူများအခက်အခဲနှင့်ကြုံတွေ့နေရသော်လည်း တိုင်းပြည်တိုးတက်နေသကဲ့သို့ မင်းအောင်လှိုင်က မကြာခဏပြောကြားလေ့ရှိသည်။

ဖက်ဆစ်စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ရာဇဝတ်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေပြီး နေ့ခင်းကြောင်တောင် ဘဏ်၊ရွှေဆိုင်ဓားပြတိုက်မှုများ အနုကြမ်းစီး သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသောလည်း တရားခံများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များမှာ နည်းပါးနေပြီး ဖက်ဆစ် စစ်တပ်၏ လက်အောက်ခံ ရဲတပ်ဖွဲ့မှလည်း တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်ခြင်း မရှိဘဲ ပြည်သူများအား နှိပ်စက်ဖိနှိပ်မှုများသာ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများအနေဖြင့် ရဲတပ်ဖွဲ့အား ယုံကြည်မှုမရှိ ဖြစ်ပေါ်နေသည်။