လုယက်မှုများ ကျူးလွန်နေသည့် “ရည်းစားလေးတစ်ယောက်လောက်တော့ လိုနေတာပေါ့” အကောင့်ပိုင်ရှင် ဖမ်းဆီးခံရ

Author ကိုပေါက်
Categories
Published on Nov 15, 2022

 

စစ်ကိုင်းမြို့နယ်တွင် လုယက်မှုများ မကြာခဏကျူးလွန်နေသည့် “ရည်းစားလေးတစ်ယောက်လောက်တော့ လိုနေတာပေါ့”အကောင့်ပိုင်ရှင် ကိုသိန်းဆန်းကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ရဲများက ဖမ်းဆီးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

လူမှုကွန်ရက်ပေါ်တွင် စားသောက်ဆိုင်ပိုင်ရှင် ဟန်ဆောင်ပြီး အခြားမြို့များမှ အမျိုးသား၊ အမျိုးသမီးများကို အလုပ်ရမည်ဟုဆိုကာ စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအနီးသို့ ခေါ်ယူ၍ ဖုန်းများလုယက်ခြင်း၊ အသာတကြည်မပေးပါက ဓားထောက်တောင်းယူခြင်းများ လုပ်ဆောင်နေသည့်အတွက် ဖမ်းဆီး ခံခဲ့ရတာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ရပ်ကွက်နေသူတွေရော စစ်တပ်က အမျိုးတွေရော အလုခံရတာ အလုပ်ရမယ်ဆိုပြီး ခေါ်ပြီး ဆိုင်ကယ်တွေ ဖုန်းတွေ လုတာ”ဟု ပြောသည်။

“ရည်းစားလေးတစ်ယောက်လောက်တော့ လိုနေတာပေါ့”အကောင့်ပိုင်ရှင် ကိုသိန်းဆန်းသည် စစ်တပ်မှ အရာရှိတစ်ဦးကို လိမ်လည်ခေါ်ယူခဲ့မိရာမှ ရဲနှင့်ပူးပေါင်း၍ ဖမ်းဆီးခဲ့တာဖြစ်သည်ဟု အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“အရာခံဗိုလ်တစ်ယောက်က သူ့အကောင့်မှာ ကောင်မလေးပုံ တင်ထားတာ အဲ့ဒါကို သူကသွားပြီး သဲငယ်လေး ဘာလုပ်နေလဲ ကိုယ်အခုမှ ဝန်ထမ်းတွေ အလုပ်ခိုင်းပြီးနားနေတာ အလုပ်လိုချင်လားဆိုပြီး သွားပို့ရာကနေ အဖမ်းခံရတာ”ဟု ပြောသည်။

ဖမ်းဆီးခံရသူမှာ စားသောက်ဆိုင်ပိုင်ရှင်မဟုတ်ဘဲ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်တွင် အိမ်ငှားနေပြီး ဆိုင်ကယ်ကယ်ရီမောင်းနေသည့် ကိုသိန်းဆန်းဖြစ်ပြီး ဖုန်းသုံးလုံး၊ မှတ်ပုံတင်နှစ်ခု၊ ဓားတစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့တာဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

လက်ရှိအခြေအနေတွင် “ရည်းစားလေးတစ်ယောက်လောက်တော့ လိုနေတာပေါ့” အကောင့်ပိုင်ရှင် ကိုသိန်းဆန်းကို စစ်ကိုင်းမြို့မရဲစခန်းမှ ဥပဒေအရ အရေးယူနိူင်ရန်စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ဓာတ်ပုံ-CJ

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းမြို့ #လိမ်လည်မှု

Related News

Depend on news