လိုင်လဲန်းပီမြို့ကို ချင်းတပ်ပေါင်းစု သိမ်းပိုက်လိုက်ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးစတင်၊ ◼ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သား၃၀ ခန့်ကိုလိုက်လံရှာဖွေနေ

Author လဂွန်းအိမ်
Categories
Published on Nov 29, 2023

ချင်းကာကွယ်ရေးတပ်များသိမ်းပိုက်ထိန်းချုပ်လိုက်သော ချင်းပြည်နယ်၊ မရာဒေသရှိ လိုင်လဲန်းပီမြို့တွင် လုံခြုံရေး တည်ငြိမ်ရေးအတွက် ပြည်သူ့အုပ်ချုပ်ရေးစနစ်စတင်ဖော်ဆောင်နေပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၁၉ ရက်က ယင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံများကို လက်နက်ချပြီး ပြည်သူနှင့် ပူးပေါင်းရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း တုံ့ပြန်မှုမရရှိသဖြင့် ယင်းနေ့ညနေပိုင်းမှစတင်၍ ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်မတော်(CDF)ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ရာ ၅ ရက်အကြာ နိုဝင်ဘာ ၂၄ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုတိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ၁၀ ကြိမ်ထက်မနည်းလာရောက်ပြီး ဒါဇင်နှင့်ချီသော ဗုံးသီးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ကာကွယ်ရေးတပ်ပေါင်းစုမှ တပ်ဖွဲ့ဝင် ၂ ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ် ၁၆ လုံး ပျက်ဆီးခဲ့ကြောင်း သိရသည်။

လိုင်လဲန်းပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်ရင်းမှူး ဗိုလ်မှူး စိုးဝင်းထိုက်အပါအဝင် သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းများတွေ့ရှိခဲ့ပြီး ကျန်စစ်ကောင်စီ တပ်သား ၃၀ ခန့် အိန္ဒိယ-မြန်မာနယ်စပ်သို့ ထွက်ပြေးသွားခဲ့သဖြင့် CNA နှင့် CDFs ပူးပေါင်းတပ်ဖွဲ့များမှ လိုက်လံရှာဖွေလျက်ရှိသည်ဟု ဆိုသည်။

 

နှစ်ဖက်တိုက်ပွဲများအတွင်း ယာယီစစ်ဘေးရှောင်ပြည်သူများကို ကူညီပေးခဲ့ပြီး စစ်ပွဲအပြီး ပြန်လည်ဝင်ရောက်ရေးနှင့် နေရာချထားရေး နယ်မြေရှင်းလင်းရေးတို့ကို ကူညီပေးခဲ့သည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များကို ကျေးဇူးတင်ကြောင်း၊ လုံခြုံရေးအရ မဟာဗျူဟာကျသဖြင့် ပြည်သူ့လုံခြုံရေး ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ လိုအပ်နေပြီဖြစ်သည့်အလျောက် မြို့ပြည်သူ့အုပ်ချုပ်ရေးအတွက် ဒေသခံများ၏ဆန္ဒနှင့်အညီ ပူးတွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်း CNF က နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုလာသည်။

 

ချင်းအမျိုးသားတမ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးတပ်မတော်(CDFs)ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ရိခေါဒါရ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေး ထူထောင်ထားနိုင်ပြီဖြစ်သည်။