လိင်အာသာဖြေ အရုပ်အား မယ်တော်ဟုဆိုကာ ရွှေတိဂုံဘုရားတွင် ပူဇော်ပွဲလုပ်ဆောင်ခဲ့သူကို အရေးယူမည်ဟု ရွှေတိဂုံ ဂေါပကအဖွဲ့ထုတ်ပြန်လာ

Author CJ-001
Categories
Published on Oct 22, 2022

လိင်အာသာဖြေ အရုပ်နှစ်ရုပ်အား မယ်တော်ဟုဆိုကာ ရွှေတိဂုံဘုရား တောင်ဘက်ကားကွင်း ကျောက်စာတိုင်အနီးတွင် ပူဇော်ပွဲ လာရောက်လုပ်ဆောင်ခဲ့သူများအား သာသနာတော် ညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ယနေ့ အောက်တိုဘာလ ၂၂ရက်နေ့ ည ၈နာရီခန့်တွင် သတင်းထုတ်ပြန်လာခဲ့သည်။

ရွှေတိဂုံဘုရားပေါ်တွင် လောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ်ဟု အမည်ပေးထားသူ တစ်ဦးသည် ယနေ့ နံနက်ပိုင်းက လိင်အာသာဖြေအရုပ်နှစ်ရုပ် ကို ရွှေတိဂုံဘုရား တောင်ဘက်မုဒ်၊ ကား၀င်းအတွင်း နတ်နန်းပြုလုပ်ကာ ရင်ငွေ့လှုံအသက်သွင်းအခမ်းအနားဟု ပြုလုပ်ခဲ့သည်ကို ဂေါပကအဖွဲ့က ခွင့်ပြုချက် ပေးခဲ့ပြီးနောက် လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများနောက် ယခုကဲ့သို့ အရေးယူဆောင်ရွက် မည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

ယင်းသို့ လာရောက်လုပ်ဆောင်ခဲ့သူအား အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ စစ်ကောင်စီထောက်ခံသည့် သတင်းဌာနအချို့မှ စစ်ကောင်စီ သတင်းပြန်ကြားရေးအား အောက်တိုဘာလ ၂၂ရက်နေ့ မွန်းလွဲ ၃နာရီခန့်က မေးမြန်းခဲ့ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထေရဝါဒဗုဒ္ဓဘာသာနှင့် ဆန့်ကျင်သည့် ရုပ်တုများဖြစ်၍ ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတာဝန်ခံမှ ခေါ်ယူမေးမြန်းစိစစ်ပြီးနောက် ၎င်းတို့၏ ဆောင်ရွက်နေမှုများကို ဖယ်ရှားရှင်းလင်းစေခဲ့ပြီး ပစ္စည်းများသိမ်းဆည်း၍ ပြန် လည်ထွက်ခွာသွားကြောင်း အရေးယူဆောင်ရွက်ရန် အစီအစဉ် မရှိကြောင်း ပြန်လည်ဖြေကြားထားသည်ကို CJ Platform မှ သတင်းအတည်ပြု ရရှိထားသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဝိနည်းနှင့် မညီညွတ်သည့် ဘုန်းကြီးများကို လူမှုကွန်ယက်စာမျက်နှာ၌ ဝေဖန်မှုများပြုလုပ်ပါက သာ သနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ကဖြင့် အမှုဖွင့် အရေးယူမှုများကို ဆောင်ရွက်သော်လည်း၊ ယခုကဲ့သို့ အဓိပ္ပာယ်မရှိသည့် လုပ်ရပ်မျိုးများကိုတော့ ခွင့်ပြုထားသည်။