လိင်အာသာဖြေ အရုပ်နှစ်ရုပ်ကို မယ်တော်ဟုဆိုကာ ရွှေတိဂုံဘုရားတွင် ပူဇော်ပွဲလုပ်သူအား အရေးယူခြင်းမရှိလို့ အမျိုးဘာသာ ကာကွယ်သူဟုဆိုသူများ ပေါက်ကွဲနေ

Author ကိုအောင်
Categories
Published on Oct 22, 2022

လိင်အာသာဖြေအရုပ်နှစ်ရုပ်ကို မယ်တော်နှစ်ပါးဟု ဆိုပြီးရွှေတိဂုံဘုရား ပရဝဏ်အတွင်း ပူဇော်အခမ်းအနားပြုလုပ်သူကို ဖမ်းဆီးအရေးယူခြင်းမရှိကြောင်း သာသနာရေးဝန်ကြီးဌာနနှင့် နီးစပ်သူတွေဆီက သိရသည်။

ရွှေတိဂုံဘုရားပေါ်တွင် လောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ်ဟု အမည်ပေးထားသူ တစ်ဦးသည် ယနေ့ နံနက်ပိုင်းက လိင်အာသာဖြေအရုပ်နှစ်ရုပ် ကို ရွှေတိဂုံဘုရား တောင်ဘက်မုဒ်၊ ကား၀င်းအတွင်း နတ်နန်းပြုလုပ်ကာ ရင်ငွေ့လှုံအသက်သွင်းအခမ်းအနားဟု ပြုလုပ်ခဲ့သည်ကို ဂေါပကအဖွဲ့က ခွင့်ပြုပေးခဲ့သည့်ကိစ္စဖြစ်ပွားခဲ့သည်ဟုဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“သူ့ကို ရွှေတိဂုံက လုံခြုံရေးအဖွဲ့ကခေါ်တယ် မေးတယ်ပစ္စည်းတွေကို သိမ်းတယ် ပြန်လွှတ်လိုက်တယ်လို့ ပြောတယ် သာသနာရေးနဲ့ယဥ်ကျေးမှုဘက်က”ဟု ရှင်းပြသည်။

ယနေ့ နံနက်ပိုင်းက ရွှေတိဂုံဘုရားပေါ်မှာ လောကီဝိဇ္ဇာဓိုရ်မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ်ကြီးအမည်ရှိသော Facebook Page မှ live လွှင့်ကာ မယ်တော်နှစ်ပါး အသက်သွင်းအခမ်းအနားပြုလုပ်မှုအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိနေသည်ဟု ဗဟန်းမြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ကြားတာက ဗဟန်းမှာပစွည်းတွေသိမ်းထားတယ် နောက်တော့ ဒဂုံမြို့နယ်ရဲစခန်းမှာ ဖမ်းထားတယ်လို့လဲ ကြားတယ် အခုစစ်တပ်က ပြန်လွှတ်လိုက်တယ်ဆိုတော့ ငွေကြောင့်ပဲ ဖြစ်မယ်”ဟု သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီက လက်အောက်ခံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထေရဝါဒဗုဒ္ဓဘာသာနှင့် ဆန့်ကျင်သည့် ရုပ်တုများဖြစ်၍ ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတာဝန်ခံမှ ခေါ်ယူမေးမြန်းစိစစ်ပြီးနောက် ၎င်းတို့၏ ဆောင်ရွက်နေမှုများကို ဖယ်ရှားရှင်းလင်းစေခဲ့ပြီး ပစ္စည်းများသိမ်းဆည်း၍ ပြန် လည်ထွက်ခွာသွားကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းဌာနများ ကို ဖြေကြားထားသည်။

ယခုကဲ့သို့ လိင်အာသာဖြေရုပ်များအား မယ်တော်ဟုဆိုကာ လုပ်ဆောင်ခဲ့သည့် ဘိုးတော်ဆိုသူအား စစ် ကောင်စီမှ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပေါ် အမျိုးသားရေးအစွန်းရောက်အချို့မှ စစ် ကောင်စီအား ကျေနပ်ခြင်း မရှိဟု သိရသည်။

“ေ-ာက်ပေါတွေ ဖြစ်ကုန်တာပေါ့၊ အကုန်လုံးက ဝိုင်းရီနေချိန်မှာ အရေးမယူဘူးဆိုတော့ သူတို့မှာ သူတို့အဘတွေကိုလဲ မဆဲရဲဘူး၊ တော်ကြာ သူတို့အဘပါ ပြေးပြီး ပွဲသွားကပ်ပြီး ကန်တော့မှ ခက်ကုန်မယ်လေ၊ သူတို့ Viber ဂရုထဲမှာ ရန်ဖြစ်နေကြပြီ”ဟု အမျိုးသားရေးအစွန်းရောက်များ၏ Viber Groupတွင် ပါဝင်သည့် CJ Platform ၏ သတင်းအရင်းအမြစ်တစ် ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဝိနည်းနှင့် မညီညွတ်သည့် ဘုန်းကြီးများကို လူမှုကွန်ယက်စာမျက်နှာ၌ ဝေဖန်မှုများပြုလုပ်ပါက သာ သနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ကဖြင့် အမှုဖွင့် အရေးယူမှုများကို ဆောင်ရွက်သော်လည်း၊ ယခုကဲ့သို့ အဓိပ္ပာယ်မရှိသည့် လုပ်ရပ်မျိုးများကိုတော့ ခွင့်ပြုထားသည်။