လိင်အာသာဖြေအရုပ် နှစ်ခုအား မယ်တော်ဟုဆိုကာ ရွှေတိဂုံဘုရားပရဝဏ်အတွင်း ပူဇော်အခမ်းအနားပြုလုပ်

Author လင်းခိုင်
Categories
Published on Oct 22, 2022

လိင်အာသာဖြေအရုပ် နှစ်ရုပ်အား မယ်တော်နှစ်ပါးဟု ဆိုပြီး ရွှေတိဂုံဘုရား ပရဝဏ်အတွင်း ပူဇော်အခမ်းအနားအား ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ်ဟု အမည်ပေးထားသူ တစ်ဦးသည် လိင်အာသာဖြေအရုပ်နှစ်ရုပ် ကို ရွှေတိဂုံဘုရား တောင်ဘက်မုဒ်၊ ကား၀င်းအတွင်း နတ်နန်းပြုလုပ်ကာ ရင်ငွေ့လှုံအသက်သွင်းအခမ်းအနားဟု ပြုလုပ်ခဲ့ပြီး၊ ယင်းကဲ့သို့ ပြုလုပ်မှုကိုလည်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ခွင့်ပြုပေးခဲ့သည်။

“ဘုရားကို ဘောင်းဘီအတိုနဲ့ တက်ရင်တောင် တရားခံတစ်ယောက်လိုပြုမှုနေတဲ့ နေရာက အခုတော့ လိင်အာသာဖြေတဲ့ အရုပ်ကို ဘုရားပရဝဏ်အတွင်း မှာ ပွဲအခမ်းအနားတွေနဲ့ ပြုလုပ်တာကို အံ့သြလို့ကို မဆုံးဖူး။ အသိဉာဏ်မရှိတဲ့ လူတွေကို လိမ်စားတယ်။ အဲ့ဒါကို ဂေါပကအဖွဲ့ဆိုတဲ့သူတွေက လုပ်ခွင့် ပြုတယ်” ဟု အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦးက CJ Platform သို့ မှတ်ချက်ပြုပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဝိနည်းနှင့် မညီညွတ်သည့် ဘုန်းကြီးများကို လူမှုကွန်ယက်စာမျက်နှာ၌ ဝေဖန်မှုများပြုလုပ်ပါက သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ကဖြင့် အမှုဖွင့် အရေးယူမှုများကို ဆောင်ရွက်သော်လည်း၊ ယခုကဲ့သို့ အဓိပ္ပာယ်မရှိသည့် လုပ်ရပ်မျိုးများကိုတော့ ခွင့်ပြုထားသည်။

ယခုကဲ့သို့ လိင်အာသာဖြေ အရုပ်နှစ်ခုအား ရွှေတိဂုံဘုရား ပရဝဏ်အတွင်း အခမ်းအနားဖြင့် ပြုလုပ်ခဲ့ခြင်းအပေါ် လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်မှုများမြင့်တက်နေပြီး၊ ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့အနေဖြင့် မည်သည့်မှတ်ချက်ပြု ထုတ်ပြန်ချက်မျိုးမှ ပြုလုပ်သေးခြင်းမရှိပေ။