လားရှိုး-နမ္မတူကြားရှိ အရေးပါသည့် နားကွမ်းရွာတံတား ဖျက်ဆီးခံရ

Author ခေတ်နီ
Categories
Published on Jan 12, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး-နမ္မတူအကြား သွားလာရေးအတွက်အရေးပါသည့် နားကွမ်းရွာတံတား ဖျက်ဆီးခံရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

လားရှိုး-နမ္မတူမြို့နယ်ကို ဆက်သွယ်ထားသည့် အဆိုပါတံတားသည် ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

 

“ညက ဖျက်ခံလိုက်ရတာ။ ဘယ်အဖွဲ့လုပ်သွားတယ်ဆိုတာတော့ မသိဘူး။ မနေ့ကလည်း ဆင်တောင်ဘက်ကနေ  ပစ်တာတွေရှိတယ်” ဟု လားရှိုးဒေသခံတစ်ဦးက ဆိုသည်။

 

ယခင်က လားရှိုး-နမ္မတူအကြား အဓိကဆက်သွယ်ရန် တည်ဆောက်ထားသော အီနိုင်းတံတားကို ဇန်နဝါရီလ ၂ ရက်နေ့က ဖျက်ဆီးခံခဲ့ရခြင်းကြောင့် အစားထိုးအနေဖြင့် နားကွမ်းရွာတံတားကို အသုံးပြုနေခဲ့ကြရာမှ ယခုအခါ အဆိုပါတံတားလည်း ဖျက်ဆီးခံလိုက်ရသည့်အတွက် သွားလာရေးခက်ခဲမှုများရှိလာနေကြောင်း ဒေသခံများက ဆိုသည်။

 

လားရှိုးမြို့နယ်အတွင်းရှိ တာပုံကျေးရွာအနီး တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် လားရှိုးဒေသခံအများစုသည် နေရပ်စွန့်ခွာမှုများကို ဇန်နဝါရီလ ပထမအပတ်မှစတင်ကာ လုပ်ဆောင်နေကြသည်။