လားရှိုးမြို့တော်ခန်းမ ဗုံးခွဲတိုက်ခိုက်ခံရ စစ်ကောင်စီတပ်သား နှစ်ဦးသေ

Author ကိုပေါက်
Categories
Published on Nov 02, 2022

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ မြို့နယ်ခန်းမအား ယနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (N.S.S.A.A)က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်၊ နယ်မြေ ၉ ရှိ မြို့တော်ခန်းမကို ယနေ့နေ့လည်က အမျိုးသားနှစ်ဦးသည် ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သားနှစ်ဦး သေဆုံးသွားကြောင်း မြို့ခံတစ်ဦးက CJ Platform
ကိုပြောသည်။

“ကင်းလှည့်ဖို့ လူစုနေတဲ့အချိန် ဗုံးနဲ့ပစ်ခံရတာနှစ်ဦး သေတယ်လို့ကြားတယ်။ လူနာတင်ယာဉ်နဲ့ သယ်သွားတာ တွေ့တယ်” ဟုပြောသည်။

ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့် မြို့တော်ခန်းမ၀င်းအတွင်းသို့ ပစ်ခေါက်ခဲ့ခြင်းဖြစ်ကာ ၀န်းအတွင်း ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ ဗုံးပေါက်ပြီးတော့ လူနာတင်ယာဉ်နဲ့ စစ်သားနှစ်ဦးကို သယ်သွားတာ၊ လာရှိုးဆေးရုံမှာသေတယ်လို့ ပြောတယ်။ အခုထိတော့ စစ်ဆေးနေတုန်းပဲ” ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform သို့ရှင်းပြသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှုကြောင့် လားရှိုးမြို့နယ်ခန်းမတွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး ၂ရပ်ကွက်ရှိ လမ်းအချို့ကို စစ်ဆေးနေကြောင်း မြို့ခံများဆီကသိရသည်။

လားရှိုးမြို့နယ်ခန်းမသို့ ဗုံးဖြင့်တိုက်ခိုက်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (N.S.S.A.A)က သေသပ်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး၊ ယခုလ ၄ ရက်မှ စတင်ကာ စစ်ကောင်စီက ကျင်းပမည့် လားရှိုးတန်းဆောင်တိုင်ပွဲကိုလည်း သွားရောက်ပျော်ပါးမှုမပြုလုပ်ရန် ထုတ်ပြန်ထားသည်။