လအိကျေးရွာ တိုက်နယ်ဆေးရုံ လေယာဉ်ဖြင့် ဗုံးကြဲခံရ ပြည်သူနှစ်ဦး သေဆုံး

Author မင်းထက်
Categories
Published on Mar 23, 2024

ကရင်နီ(ကယား)ပြည်နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ  ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲချခြင်းကြောင့် အရပ်သားပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း ကရင်နီစစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးအဖွဲ့ မြေပြင်တာဝန်ခံ ကိုလွမ်းက CJ Platform သို့ ပြောသည်။

 

ယမန်နေ့ မတ် ၂၂ ရက် မနက် ၁၀ နာရီခန့်တွင် ဂျက်တိုက်လေယာဉ်နှစ်စင်းဖြင့် ပေါင်ငါးရာဗုံး ရှစ်လုံး ကြဲချခဲ့ခြင်းပြီး အသက် ၁၆နှစ်ခန့် အမျိုးသားတစ်ဦး၊ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

 

“ဆေးရုံက စစ်ရှောင်တွေ မနေဘူးဗျ။ ခုထိတာ အစောင့်နှစ်ယောက်သေတယ်။ နှစ်ယောက်အပြင်  သုံးယောက်လောက် ဒဏ်ရာရတယ်” ဟု ကိုလွမ်းက ပြောသည်။

 

စစ်ကောင်စီလော်ဘီ မီဒီယာများတွင် ဆောင်းပြောင်းတိုက်ပွဲအတွင်းမှ ဒဏ်ရာရ KNDF/PDF အဖွဲ့ဝင်များကို ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးသို့ ပြောင်းရွှေ့ဆေးကုသနေစဥ် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီဘက်မှ အလစ်အငိုက် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် KNDF/PDF အဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ခြင်းသာဖြစ်ကြောင်း  သတင်းမှားကို ရေးသားဖြန့်ဝေလျက်ရှိနေသည်။

 

ဖယ်ခုံမြို့ပေါ်ကို တော်လှန်ရေးတပ်ပေါင်းစုများက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က ယခုမတ်လ ၉ ရက်နေ့မှ စ၍ ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသတလျှောက် တိုက်ပွဲများဖြစ်ပွားနေသည်။

 

ယင်းတိုက်ပွဲများကြောင့် ပင်လောင်း၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်အတွင်းရှိ အရပ်သား ၄၉ ဦး သေဆုံးခဲ့ပြီး ၆၀ ဦးကျော် ဒဏ်ရာရခဲ့ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး၏ မတ်လ ၁၈ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

Related News

Depend on news