လပွတ္တာမြို့အဝင်တွင် စစ်ကောင်စီတပ်မှ မှတ်ပုံတင်မပါသည့် ခရီးသွားပြည်သူများအား ဒူးထောက်ခိုင်းကာ ရိုက်နှက်ပြီးနောက် ပိုက်ဆံတောင်းနေ

Author စကားဝါ
Categories
Published on Feb 02, 2023

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် သုံးမိုင်မြို့သစ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ မှတ်ပုံတင်မပါသည့် ခရီးသွားပြည်သူများအား ဒူးထောက်ခိုင်းကာ ရိုက်နှက်မှုများ လုပ်ဆောင်ပြီးနောက် ပိုက်ဆံတောင်းမှုများ လုပ်ဆောင်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

သုံးမိုင်မြို့သစ်အဝင် တံတားအနီးတွင် ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ၊ ရဲနှင့် ထွေအုပ်ဝန်ထမ်းများပါ စောင့်ဆိုင်းနေကာ ခရီးသွားပြည်သူများအား ဆိုင်ကယ်နှင့် ကားများ ရပ်တန့်စေကာ ရှာဖွေစစ်ဆေးမှုများကို လုပ်ဆောင်နေပြီး မှတ်ပုံတင်မပါသည့် ခရီးသွားများအား လမ်းမထက်တွင် ဒူးထောက်ထိုင်စေကာ ခြေထောက်များဖြင့် ကန်ကျောက်ခြင်းများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

“တစ်ခါတစ်လေ သေနတ်ဒင်နဲ့ထုတယ်၊ ခြေထောက်နဲ့ကန်တာလဲရှိတယ် အနည်းဆုံးကတော့ ခေါင်းကိုရိုက်တာပဲ၊ ပိုက်ဆံပေးရင် ၁၀မိနစ်လောက်နဲ့ ပြန်လွှတ်တယ် မဟုတ်ရင် အကြာကြီး ဒူးထောက်ခိုင်းထားပြီး မိသားစုတွေက လာရွေးမှ ပြန်ခိုင်းတယ်”ဟု လပွတ္တာမြို့နေ ပြည်သူတစ်ဦးကပြောသည်။

လပွတ္တာမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများမှာ မြို့သာသနာ့ဗိမာန်တွင် တပ်စွဲထားကာ ညစဉ် မူးယစ်သောက်စားနေပြီး ညအချိန် လမ်းသွားလမ်းလာများအား အော်ဟစ်ဆဲဆိုခြင်း အကြောင်းမဲ့ ခေါ်ယူကာ ရိုက်နှက်ခြင်းများကိုလည်း လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #လပွတ္တာ #သုံးမိုင်မြို့ #စစ်ဆေးရေးဂိတ်